နေပြည်တော် မတ် ၁၇

 

ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

တက်ရောက်

 

အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။

 

ဦးစားပေးလျာထား

 

ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို ရေးဆွဲရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို အခြေခံပြီး မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ ရေးဆွဲကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးဖြစ်စဉ်များကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတား၊ အနှောင့်အယှက်များ ရှိနေသော်လည်း မိမိတို့လျာထားသည့် ရငွေများကို လျာထားချက်အတိုင်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အသုံးစရိတ်များကိုလည်း နိုင်ငံတော်၏စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုမည့် အသုံးစရိတ်များကိုသာ ဦးစားပေး လျာထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

 

နိုင်ငံအတွင်းတွင်ရှိသည့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေ ပြည်သူများဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး အသက်မွေးဝမ်းကျောင်း ပြုကြရသည့်သူများ ဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက ဦးဆောင်လမ်းပြ ကူညီပံ့ပိုးဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်တွင် လိုအပ်နေဆဲဖြစ်သည့် အခြေခံအဆောက်အအုံဆိုင်ရာ လမ်း၊ တံတား၊ အဆောက်အဦ၊ လျှပ်စစ်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးစသည့် အသုံးစရိတ်များ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အသုံးစရိတ်များကိုလည်း ခွဲဝေပေးသည့်ရန်ပုံငွေဖြင့် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည့် လုပ်ငန်းများ အတွက် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုပါကြောင်း။

 

အထောက်အကူပြုနိုင်

 

ယခုအချိန်သည် နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်ဖြစ်သည့်အတွက် အစိုးရ၏အသုံးစရိတ် သုံးစွဲမှုများသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများကို အထောက်အကူ ပြုနိုင်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး၊ တစ်ဦးချင်း ဝင်ငွေတိုးမြင့်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ပြည်ပပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုး ထုတ်လုပ်ရေးစသည်များကို ဦးတည်ရည်မှန်းချက်ထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

 

မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များကိုလည်း ဆက်လက်အားပေး မြှင့်တင်သုံးစွဲသွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် လုံးဝချုပ်ငြိမ်းသွားခြင်း မရှိသေးသည့်အတွက် ကာကွယ်ဆေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသုံးစရိတ်များကိုလည်း မဖြစ်မနေ ဆက်လက်သုံးစွဲသွားရမည် ဖြစ်ပါကြောင်း။

 

ဦးစားပေးသုံးစွဲကြစေလို

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း စီမံအုပ်ချုပ်ရေးဆိုင်ရာ အသုံးစရိတ်များထက် ပြည်သူကို တိုက်ရိုက်အကျိုးပြုနိုင်သည့် လမ်း၊ တံတား၊ ရေ၊ လျှပ်စစ်မီး အသုံးစရိတ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အသုံးစရိတ်များကို ဦးစားပေး သုံးစွဲကြစေလိုပါကြောင်း။

 

နိုင်ငံတော်၏ မက်ခရိုစီးပွားရေးအခြေအနေပြ ညွှန်ကိန်းများအရ အရအသုံး ခန့်မှန်းခြေငွေစာရင်းလိုငွေနှင့် ဂျီဒီပီအချိုးကို ရှိသင့်သည့်ပမာဏ အတိုင်းအတာအတွင်း ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏လိုငွေများကြောင့် ရယူထားရသည့် ပြည်တွင်း၊ ပြည်ပကြွေးမြီများ၏ ဝန်ထုပ်ဝန်ပိုးကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါကြောင်းဖြင့် မှာကြားသည်။

 

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က  ရငွေပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ နောက်ဆက်တွဲ စီးပွားရေးထိခိုက်မှုနှင့် နိုင်ငံရေးဖြစ်စဉ်များကြောင့် ရငွေ လျော့နည်းနိုင်မည် ဖြစ်သော်လည်း အမှန်ရရှိနိုင်မည့် အခြေအနေအပေါ်မူတည်၍ လျာထားမှုအပေါ် စိစစ်ထားရှိပါကြောင်း၊ အသုံးစရိတ်ပိုင်းတွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာစေရေးစီမံချက် Covid-19 Economic Relief Plan (CERP) လုပ်ငန်းအစီအစဉ်တွင် ပါရှိသည့် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဆောင်ရွက်ခြင်း လုပ်ငန်းအစီအစဉ်အရ လက်ငင်းအကျိုးရှိစေမည့် လုပ်ငန်းများ၊ ဘက်စုံ အကျိုးသက်ရောက်မှု များစေမည့်လုပ်ငန်းများ၊ မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဦးစားပေး စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း။

 

သာမန် အသုံးစရိတ်ပိုင်းတွင် ဝန်ထမ်းသစ်များ ခန့်ထားမှု၊ စက်သုံးဆီသုံးစွဲမှုများကိုလည်း ယခုဘဏ္ဍာရေးနှစ်တွင် အထူးစိစစ်ခဲ့ပါကြောင်း၊ လုပ်ငန်းလည်ပတ်မှုနှင့် ကုန်ထုတ်လုပ်မှုကို တိုက်ရိုက် အကျိုးပြုစေသည့် သာမန်အသုံးစရိတ်များကို စိစစ်ခွင့်ပြုထားပါကြောင်း။

 

စိစစ်လျှော့ချနိုင်ခဲ့

 

ငွေလုံးငွေရင်း အသုံးစရိတ်ပိုင်းတွင် ၂၀၂၂-၂၀၂၃ မှ ၂၀၂၆-၂၀၂၇ (၅) နှစ် စီမံကိန်းလုပ်ငန်းများ၊ နိုင်ငံတော်မူဝါဒအရ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများနှင့် ဆောင်ရွက်ဆဲစီမံကိန်းများအနက် ဦးစားပေး အဆင့်လိုက် ခွဲခြားစေပြီး စိစစ်ခဲ့ပါကြောင်း၊ ပြည်ပချေးငွေ၊ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းများအတွက် ချေးငွေ၊ ထောက်ပံ့ငွေ အမှန်ရရှိသုံးစွဲနိုင်မည့် လုပ်ငန်းများကိုသာ ဦးစားပေးလျာထား ခွင့်ပြုပေးခဲ့ပါကြောင်း၊ မူဝါဒ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသည့် အသုံးစရိတ်များကို စိစစ်လျှော့ချနိုင်ခဲ့ပါကြောင်း။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်နည်းတူ ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အရေးပေါ်ရန်ပုံငွေကို ဗဟိုတွင် ငွေကျပ် ၁၀၀ ဘီလီယံ၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များအတွက် ငွေကျပ် ၁၅ ဘီလီယံ ထည့်သွင်းလျာထားပါကြောင်း၊ ထို့ပြင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့လည်း ယခင်နှစ်နည်းတူ ထည့်ဝင်ရန် ငွေကျပ် ဘီလီယံ ၂၀ ဖြင့် စုစုပေါင်းငွေကျပ် ၁၃၅ ဘီလီယံကို ထည့်သွင်းလျာထားခဲ့ပါကြောင်း။

 

တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြည်ထောင်စုမှ ထောက်ပံ့ငွေပေးရာတွင် နှစ်လတ်ဘဏ္ဍာရေးမူဘောင်နှင့် ဦးစွာတွက်ချက်ပြီးမှ လူမှုစီးပွားရေး အခြေအနေပြ ညွှန်းကိန်း (၆) ခု အသုံးပြုတွက်ချက်၍ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အချိုးကျမျှတမှုရှိစေရန် ခွဲဝေလျာထားပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်သူကိုတိုက်ရိုက် အကျိုးပြုနိုင်မည့် အသုံးစရိတ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အသုံးစရိတ်များကို ဦးစားပေး သုံးစွဲကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင် ရာ ဥပဒေကြမ်းနှင့် ၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။

 

ဆွေးနွေးတင်ပြ

 

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များအရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့် အချက်များကို အကြံပြုဆွေးနွေးတင်ပြသည်။

 

ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ၂၀၂၁ - ၂၀၂၂ မီနီဘတ်ဂျက်အတွင်း ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုနှင့် အခြားသော အကြောင်းအမျိုးမျိုးကြောင့် ရငွေများလျော့နည်းခဲ့ကြောင်း၊ ယင်းကို ကုစားနိုင်ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် စဉ်းစားဆောင်ရွက်ခဲ့ကြောင်း၊ ရငွေများတိုးတက်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ အဓိကကျသည့် ကုန်ထုတ်လုပ်မှုကို  မြှင့်တင်နိုင်ရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်ထုတ်လုပ်မှုအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် မြေ၊ ရေနှင့် လူသားအရင်း အမြစ်များရှိပြီးဖြစ်ကြောင်း၊ ပြည်ပပို့ကုန်များကို အရည်အသွေး ပြည့်မီစွာဖြင့် ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက ပြည်ပဝင်ငွေများ တိုးတက်လာမည်ဖြစ်ကြောင်း။

 

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ရရှိသည့်ထွက်ကုန်များဖြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းအားဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို တိုးတက်စေမည်ဖြစ်ကြောင်း၊ Quick Win ဖြစ်သည့် စိုက်ပျိုးရေး လုပ်ငန်းများ ယခုထက်အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် ငွေကြေးလည်ပတ်မှုကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ၏စီးပွားရေး များစွာတိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း၊ ပြည်သူများပါသည့် စီးပွားရေးကို ပီပြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံသာယာဝပြောမည်ဖြစ်ကြောင်း။

 

စီမံကိန်းကြီးများနှင့် ပတ်သက်၍ မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့်၊ နိုင်ငံအတွက် အကျိုးရှိစေမည့် စီမံကိန်းကြီးများကိုသာ ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ လတ်တလောကာလအတွင်း ဆောင်ရွက်ရန် မလိုအပ်သေးသည့် စီမံကိန်းများကို ‌လျှော့ချ ဆောင်ရွက်သွားရန်လိုကြောင်း၊ အရှုံးပေါ်လျက်ရှိနေသည့် လုပ်ငန်းများနှင့် စီမံကိန်းများကိုလည်း ပြန်လည်စိစစ် ကြပ်မတ်သွားရန်လိုကြောင်း၊ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် မဖြစ်မနေ ရင်းနှီးမြှုပ်နှံရမည့်လုပ်ငန်းများကို နိုင်ငံတော်မှရင်းနှီး မြှုပ်နှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

 

ပြည်ထောင်စုအစိုးရအဖွဲ့သည် မူဝါဒချမှတ်ပေးသည့် အဖွဲ့အစည်းဖြစ်ပြီးသက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်က အကောင်အထည်‌ဖော် ဆောင်ရွက်ရကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များက အနီးကပ်ကြပ်မတ် အကောင်အထည်ဖော်ရခြင်းဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် ဖိဖိစီးစီး ထိထိမိမိဖြင့် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးက ဆွေးနွေးအတည်ပြုပြီးဖြစ်သည့်  ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်၏ ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ကတစ်ဆင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြပြီး ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေ ကိုအချိန်မီ အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏လုပ်ငန်း တာဝန်အရပ်ရပ်ကို တာဝန်ယူ ဆောင်ရွက်နေချိန်တွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထား ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ အဓိကရည်မှန်းချက်ထား ဆောင်ရွက်နေသည်မှာ နိုင်ငံသာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်ပင် ဖြစ်ပါကြောင်း။

 

နိုင်ငံတော်၏ စီးပွားရေးနှင့်ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ခေတ်မီနည်းစနစ်များနှင့် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးသည် မိမိတို့၏ စီးပွားရေးဦးတည်ချက်များထဲမှ အဓိက ဦးတည်ချက်တစ်ခုဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အားပေးကူညီခြင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်ပစ္စည်းများကို အထွက်နှုန်းကောင်းပြီး စံချိန်မီ အရည်အသွေးရှိသည့် ဈေးကွက်ဝင် ကုန်ပစ္စည်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာငွေများ သုံးစွဲရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် စနစ်တကျ အကျိုးရှိရှိ သုံးစွဲကြရန် လိုအပ်ပါကြောင်း။

 

လက်ရှိအခြေအနေအရ ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် ပြည်ပသွင်းကုန်များ စိစစ်တင်သွင်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်ပသွင်းကုန် အစားထိုးနိုင်မည့် အရည်အသွေးပြည့်မီသည့် ပြည်တွင်းထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

 

မိမိတို့အစိုးရချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို ဖော်ဆောင်နိုင်ရေးအတွက် ဝန်ကြီးဌာနအလိုက် ခွဲဝေချထားပေးသည့် အသုံးစရိတ် ရန်ပုံငွေများကို အကျိုးရှိစွာ အသုံးချပြီး ဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း၊ ရငွေများ ရှာဖွေကောက်ခံပေးရမည့် ဌာနများအနေဖြင့်လည်း လျာထားချက်ပါရငွေများကို အပြည့်အဝရရှိစေရန် အချိန်ကာလ ပိုင်းခြားသတ်မှတ်ပြီး ရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်ကြစေလိုပါကြောင်း၊ အခက်အခဲများ ကြုံတွေ့ရပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပြီး ဖြေရှင်းဆောင်ရွက် ကြရန်လိုပါကြောင်း။

 

အသုံးစရိတ်များသုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာ လိုက်နာကြရန်နှင့် တင်ဒါစည်းမျဉ်း၊ စည်းကမ်းများကိုလည်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ အသုံးစရိတ်သုံးစွဲမှုမှန်သမျှကို စာရင်းစစ်စစ်ဆေး ခံယူနိုင်ရေးအတွက် စနစ်တကျဆောင်ရွက် ထားရမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီသုံးစွဲနိုင်ရန်လည်း အထူးလိုအပ်ပါကြောင်း။

 

နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်ထားပြီး ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု စွမ်းရည်များနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအားလုံး မိမိတို့ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်းဖြင့်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်