နေပြည်တော် မတ် ၆
ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေး ဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သီးခြားဖိတ်ကြားထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက် ကြသည်။
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေး (၁/၂၀၂၆)တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်အတွက်ရေးဆွဲထားသည့် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးအတည်ပြုကြရန်ဖြစ်ကြောင်း။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် ဦးတည်ချက် (၄)ရပ်နှင့်အညီ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်မှစ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲများအပြီး လွှတ်တော်အစည်းအဝေးများမှ ရွေးချယ်တာဝန်ပေးလာသည့်အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို မျိုးစေ့ချပေးခဲ့ပြီးဖြစ်သည့်အတွက် ဆက်လက်တာဝန်ယူ သွားမည့် အစိုးရအနေဖြင့်လည်း လုပ်ငန်းများအရှိန် အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး ကဏ္ဍ အလိုက် ဦးစားပေးအသုံးစရိတ်များကို လျာထားသတ်မှတ်ပေးခဲ့ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ ဦးစားပေးကဏ္ဍဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာအသုံးစရိတ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပညာရေး၊ ကျန်းမာရေး ကဏ္ဍဆိုင်ရာ အသုံးစရိတ်များ၊ အခြားကဏ္ဍများ တွင် မဖြစ်မနေသုံးစွဲရမည့် အသုံးစရိတ်များနှင့် သဘာဝဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်များ ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ နိုင်ငံတော်ပိုင်အခြေခံအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရန်၊ အသစ်ဆောက်လုပ်ရန်နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသုံးစရိတ်များကို လိုအပ်ချက်များနှင့်အညီ နိုင်ငံတော်ကနှစ်စဉ်ခွင့်ပြုပေးခဲ့သကဲ့သို့ ယခုတွင်လည်း လိုအပ်ချက်များကို စိစစ်လျာထားပေးသွားမည်ဖြစ်ကြောင်း။
ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေဖြင့် ခွဲဝေချထားပေး သည့် ရန်ပုံငွေများကို နိုင်ငံတော်အတွက် အကျိုးရှိထိရောက်စွာ သုံးစွဲကြရန်လိုကြောင်း၊ ထို့ကြောင့်လည်း လျာထားလုပ်ငန်းများကို အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်းပြီးစီးမှုနှင့် ငွေကြေးသုံးစွဲမှု ဟန်ချက်ညီစေရေး၊ အရည်အသွေးပြည့်မီစေရေး၊ နိုင်ငံတော်ဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးမှုမရှိ စေရေး ကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။
ထို့ကြောင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အရ အသုံးခန့်မှန်းခြေငွေစာရင်းတွင် နိုင်ငံတော်၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ အမှန်တကယ်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မည့် ပမာဏကိုသာ သေချာစွာစိစစ်တွက်ချက်ပြီး လျာထားကြရန် အရေးကြီးကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP) ကို ကျပ် ၁၉၅၀၃၂ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို လည်း ၃ ဒသမ ၄ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးအတည်ပြုပေးကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြောကြားရာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သတ်မှတ်ချက် များနှင့်အညီ ရေးဆွဲတင်ပြခဲ့ကြပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ ကော်မတီများမှ အဆင့်ဆင့် စိစစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရငွေပိုင်းလျာထားချက်များ၊ အသုံးစရိတ်များ၊ သာမန်အသုံးစရိတ်များ၊ ငွေလုံး ငွေရင်းအသုံးစရိတ်များ၊ ကြွေးမြီအသုံးစရိတ်များကိုလည်း စနစ်တကျဖြင့် စိစစ်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ကြိုတင်မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ် များနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ကြေးများချီးမြှင့်ခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းတို့အတွက် အသုံးစရိတ်များကိုလည်း လျာထားပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ငွေအပါအဝင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၎င်းကိုအခြေပြု၍ ရေးဆွဲထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က သုံးသပ်ပြီး အတည်ပြု ထောက်ခံပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊ ၂၀၂၆-၂၀၂၇ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာဥပဒေကြမ်းနှင့် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။
အကြံပြုဆွေးနွေး
ထို့နောက် ပြည်ထောင်စုရှေ့နေချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သီတာဦးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၂၆-၂၀၂၇ ပြည်ထောင်စု၏ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့ နှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်အရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့်အချက်များကို လည်းကောင်း အကြံပြု ဆွေးနွေးတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက အသီးသီး တင်ပြကြသည်။
အမှန်တကယ်အလုပ်လုပ်ရန်လို
တင်ပြမှုများနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိမိတို့အနေဖြင့် နိုင်ငံ၏ GDP တိုးတက်စေရေး အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေး ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အခြားစက်မှုကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများလည်း တိုးတက် လာမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အမှန်တကယ် အလုပ်လုပ်ကြရန်လိုအပ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း၊ လျာထားခွင့်ပြုငွေများအား လာမည့်အစိုးရအဖွဲ့အနေဖြင့် အမှန်တကယ် အသုံးပြုနိုင်ရန်အတွက် အသေးစိတ်စနစ်တကျဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့် ဖြည့်စွက်ပြောကြားသည်။
ထို့
နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေးညှိနှိုင်းပြီး ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ MSMEs လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကို အားပေးမြှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်သည့် စိုက်ပျိုးရေးကိုအခြေခံသော စက်မှုလုပ်ငန်း များ (Agro-based Industries)ကို တိုးတက်အောင် အဓိကဦးစားပေးဆောင်ရွက်ရမည် ဖြစ်ပြီး အနာဂတ်အတွက် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ပန်းတိုင်များ အထိရရှိစေရန်အတွက် အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် စုစုပေါင်းပြည်တွင်း ထုတ်ကုန်အမှန်တကယ်တိုးတက်ရေးက အဓိက အရေးပါသည့်လုပ်ဆောင်ချက်ရလဒ်ဖြစ်ကြောင်း၊ ထို့ပြင် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး၊ ပြည်ပ ပို့ကုန်တိုးမြှင့်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေး၊ ပြည်တွင်း၊ ပြည်ပကုန်သွယ်ရေးနှင့် ဝန်ဆောင်မှု၊ အလုပ်အကိုင်များ တိုးမြှင့်နိုင်ရန်အတွက်ကိုလည်း အားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ပညာရေးကဏ္ဍမြှင့်တင်ပေးရန်လို
ခိုင်မာတောင့်တင်းသည့် စီးပွားရေးကို ရရှိပိုင်ဆိုင်နိုင်ရန် ကောင်းမွန်ပြီး အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ်သည် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုသည် အဆိုပါနိုင်ငံတွင်ရှိသည့် နိုင်ငံသားများ၏ ပညာအရည်အသွေးပေါ်တွင် တိုက်ရိုက်မူတည်နေခြင်း ဖြစ်ကြောင်း၊ ပညာရေးသည် မိမိတို့တိုင်းရင်းသားပြည်သူများ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပေးပြီး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပညာ ကိုအခြေခံသည့် လူသားအရင်းအမြစ်များကို တိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး နိုင်ငံ၏အနာဂတ် ကောင်းမွန်စေရန်အတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အလွန်ပင်အရေးကြီးကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် အသိဉာဏ်ပညာဖြင့် သတိတရားကိုလက်ကိုင်ထားပြီး NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် အတူတကွကြိုးပမ်းကြရန်လိုအပ်ကြောင်း၊ ငြိမ်းချမ်း ရေးရရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးကိုရရှိ အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံ များဖြစ်သည့် လမ်း၊ တံတားများ ကောင်းမွန်ရေး၊ စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးတို့ကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းဖြင့် ကျေးလက် နေပြည်သူများ၏ ထုတ်ကုန်များကို အချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည့်အတွက် မိသားစု ဝင်ငွေတိုးတက်ရရှိပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် လျာထား ချက်ပါ ရငွေများကို အပြည့်အဝရရှိစေရေး အချိန်ကာလပိုင်းခြားသတ်မှတ်ပြီး ရည်မှန်းချက်များ ချမှတ်ကာ တွန်းအားပေးကြပ်မတ် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်ကခွဲဝေချထားပေးသည့် အသုံးစရိတ်များကို သုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာပြီး လေလွင့် မှုမရှိစေဘဲ အကျိုးရှိထိရောက်စွာသုံးစွဲကြရန် လိုအပ်ကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် မိမိတို့ တာဝန်ယူ သည့်ကာလအတွင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ချမှတ်ဆောင်ရွက်လျက်ရှိသည့် ဦးတည်ချက်နှင့်ဆောင်ပုဒ်များကို ထိရောက်အောင်မြင်အောင် ပြည့်ပြည့်ဝဝအကောင် အထည်ဖော် ဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ကျရာကဏ္ဍမှ တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ ပေါ်ပေါက်လာမည့် အစိုးရသစ်အတွက် အောင်မြင်သည့်ဖွံ့ဖြိုးမှုလမ်းကို စနစ်တကျခင်းပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


