ရန်ကုန်  ၅ ဩဂုတ် 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သည့် ဘဏ္ဍာရေး စည်းမျဉ်းအထူးသင်တန်းအမှတ်စဉ်(၃ဝ)၊ ပစ္စည်းထိန်းသင်တန်းအမှတ်စဉ်(၇)နှင့် နယ်စပ်ဒေသများမှ တိုင်းရင်းသူများ၏ အလုပ်အကိုင်ရရှိရေးသင်တန်းဖြစ်သော ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်းအမှတ်စဉ် (၂၃) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်မြို့ရှိ ဗဟိုလေ့ကျင့်ရေးကျောင်း သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

1359

 

သင်တန်းဖွင့်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမင်းသန့်တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ သင်တန်းဖွင့်ပွဲသို့ ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူ ၂၅၀  တက်ရောက်သည်။

အဆိုပါသင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများအား လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားစေရန် ခံယူချက်၊ ယုံကြည်ချက်မှန်ကန်စွာဖြင့် ဝန်ထမ်းကောင်းတစ်ဦး ဖြစ်လာစေရန်နှင့် နယ်စပ်ဒေသမှတိုင်းရင်းသူများအား ခေတ်မီမော်တာ အထည်ချုပ်စက်များဖြင့် လေ့ကျင့်သင်ကြားပေးပြီး သင်တန်းဆင်းပါက ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင်ရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)