ဘဏ္ဍာရေးနှစ် (၃)နှစ်တာကာလအတွင်းမှာ ဘဏ္ဍာငွေ အများဆုံးရရှိကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းပြောကြား

နေပြည်တော် ၂၄ နိုဝင်ဘာ

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမ(၆)လပတ် ရရှိငွေသည် ဘဏ္ဍာရေးနှစ် (၃)နှစ်တာကာလအတွင်းမှာ အများဆုံးရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားလိုက်ပါတယ်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၂)မြောက်နေ့ကို ယနေ့တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၄/၂၀၁၇) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ အပိုဒ် ၁၆ ကိုဆွေးနွေးရာ အရင်တင်ပြထားသည့် စာရင်းများသည် (၅)လအမှန် (၁)လခန့်မှန်းစားရင်းဖြင့် တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ (၆)လရှိပြီး အမှန်စာရင်းများ ရရှိတဲ့အခါမှာ ပထမ(၆)လအတွက် အမှန်တကယ်ရရှိငွေမှာ ကျပ် ၃၀၉၆ ဒသမ ၁၀၉ ဘီလီယံဖြစ်ပါသဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ထက် ကျပ် ၈၁၂ ဒသမ ဝ၃၁ ဘီလီယံနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ထက် ၇၁၉ ဒသမ ၂၀၉ ဘီလီယံ ပိုမိုရရှိခဲ့ပါကြောင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပထမ(၆)လပတ် ရရှိငွေသည် ဘဏ္ဍာရေးနှစ် (၃)နှစ်တာကာလအတွင်းမှာ အများဆုံးရရှိခဲ့တဲ့ အနေအထားရှိကြောင်း စသည်ဖြင့် ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ် ရှင်းလင်းဖြေကြားသည်။

 

အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးစိုင်းသီဟကျော် က ပြည်ထောင်စုလွှတ်တော်က အဆိုကို အတည်ပြုပေးနိုင်ရန် တင်ပြခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ လွှတ်တော်က သဘောတူအတည်ပြုခဲ့ခြင်းဖြစ်သည်။

 

မျိုးထက်ဦး(MDN)