နေပြည်တော်  ဇူလိုင်  ၃

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ရာနှုန်းပြည့် အစုရှယ်ယာဖြင့် ထည့်ဝင် တည်ထောင်ထားသော နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် လီမိတက်၏ ဘဏ်လုပ်ငန်းဆိုင်ရာ အသိပညာ၊ အတတ်ပညာ၊ ဘဏ်လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် ဘဏ်ဝန်ဆောင်မှု စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်တိုအလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၃ ရက် နံနက် ၈ နာရီက နေပြည်တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ ဘဏ်ဒါရိုက်တာအဖွဲ့ နာယက ဒေါက်တာမောင်မောင်နိုင် တက်ရောက်ချီးမြှင့်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲကို ဘဏ်နာယက၊ ဘဏ်ဥက္ကဋ္ဌနှင့် ဒါရိုက်တာများအပါအဝင် ဘဏ်မှ အရာထမ်း၊ အမှုထမ်း ၅၀ တို့ တက်ရောက်ကြပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်၊ မြန်မာနိုင်ငံ စာရင်းကောင်စီမှ အမှုဆောင်အဖွဲ့ဝင် (Win Thin & Associates-Certified Public Accountants-CEO) ဦးမိုးကျော်၊ Mandalay Technology Co., Ltd မှ Managing Director ဒေါက်တာဇော်နိုင်၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ဒုတိယရဲမှူးကြီးမြင့်စိုး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်နှင့် Myanmar Payment Union မှ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်နှင်းဝေစီတို့က ဆွေးနွေးပို့ချသွားမည်ဖြစ်ကာ ဇူလိုင် ၃ ရက်၊ ၄ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ကျင်းပသွားမည်ဖြစ်သည်။

ရက်တိုအလုပ်ရုံဆွေးနွေးပွဲ ပို့ချဆွေးနွေးခြင်းအားဖြင့် ဘဏ်ဒါရိုက်တာများနှင့် ဝန်ထမ်းများ၏ အရည်အသွေးဆိုင်ရာ ပိုမိုကျွမ်းကျင် တိုးတက်လာပြီး ဘဏ်၏  လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများ၊  ဥပဒေ၊ နည်းဥပဒေများကို  ပိုမိုနားလည် သဘောပေါက်ကာ အများပြည်သူသို့ ဝန်ဆောင်မှုများကို ယခုထက် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ဘဏ်မှ အရာထမ်း၊ အမှုထမ်းများကို  ခေတ်နှင့်လျော်ညီသော တိုးတက်လာသည့် နည်းပညာ အသုံးပြု၍ ဆောင်ရွက်ရသည့် ဘဏ်၏ ဝန်ဆောင်မှု လုပ်ငန်းများကို IT နည်းပညာ အသုံးပြု၍  ကျွမ်းကျင်မြန်ဆန် သွက်လက်စွာ ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပုဂ္ဂလိကဘဏ်လုပ်ငန်းများတွင် ရင်ပေါင်တန်းပြီး ယှဉ်ပြိုင် ဆောင်ရွက်နိုင်စေမည် ဖြစ်ကြောင်း သိရှိရသည်။

MDN