မက်ဒရစ် ဧပြီ ၁၉
ဘရာဇီး၊ မက္ကဆီကိုနှင့် စပိန်အစိုးရများက ကျူးဘားပြည်သူများ ရင်ဆိုင်နေရသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် စိုးရိမ်ကြောင်း ယမန်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိရင်ဆိုင်နေရသည့်အခြေအနေကို ဖြေလျှော့ရန်လိုအပ်သည့် အစီအမံများ ချမှတ်ဆောင်ရွက်ရန်လည်း ၎င်းတို့က တိုက်တွန်းခဲ့သည်။
ကျူးဘားပြည်သူများ၏ ဆင်းရဲဒုက္ခကို သက်သာစေမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရသုံးဖွဲ့က ကတိပြုပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့်အတိုင်း နယ်မြေစိုးမိုးရေး၊ အချုပ်အခြာအာဏာ တန်းတူညီမျှရေးနှင့် အငြင်းပွားမှုများ ကို ငြိမ်းချမ်းစွာဖြေရှင်းရေးဆိုင်ရာ အခြေခံမူများကို လေးစားလိုက်နာရန် လိုအပ်ကြောင်းလည်း ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။
လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများအပေါ် ၎င်းတို့၏ ကတိကဝတ်များကို ထပ်မံအတည်ပြုပြီး နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်အခြေခံမူ များနှင့်အညီ ကျူးဘားအရေးကို ဖြေရှင်းရန် ၎င်းတို့က တောင်းဆိုခဲ့သည်။
ယင်းသို့တွေ့ဆုံဆွေးနွေးမှုသည် လက်ရှိအခြေအနေအတွက် မှန်ကန်သောအဖြေကိုရှာဖွေရန်အတွက်သာဖြစ်ပြီး ကျူးဘားပြည်သူများကိုယ်တိုင် ၎င်းတို့၏ အနာဂတ်ကို လွတ်လပ်မှုရှိစွာဖြင့် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
လက်ရှိတွင် ကျူးဘားပြည်သူများက စားနပ်ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီနှင့် အခြေခံကုန်ပစ္စည်းများ ပြတ်လပ်မှုနှင့်ရင်ဆိုင်နေရပြီး နိမ့်ပါးသော နေထိုင်မှုစနစ်နှင့် ဝင်ငွေလုံလောက်စွာ မရရှိခြင်းတို့ကြောင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာလျက်ရှိသည်။ အစိုးရမူဝါဒများအပါအဝင် လွတ်လပ်ခွင့်များနှင့် ပတ်သက်၍ နိုင်ငံအတွင်း၌ သဘောထားကွဲလွဲမှုများရှိနေသည်။ ကာလရှည်ကြာ နိုင်ငံတကာဖိအားများနှင့် ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံ၏စီးပွားရေးကို ထိခိုက်စေခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


