၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေထဲမှာ အုပ်စု(A)၊ အုပ်စု(B)၊ အုပ်စု(C )တို့ရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေကို ဇွန် ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ ဘရာဇီးအသင်း၊ ဆွစ်ဇာလန်အသင်းနဲ့ မော်ရိုကိုအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး ကမ္ဘာ့ဖလား (၃၂)သင်းအဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။
ဘရာဇီးအသင်းဟာ အုပ်စု(C)ရဲ့ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်မှာ စကော့တလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး စကော့တလန်အသင်းကို သုံးဂိုးပြတ်နဲ့အနိုင်ရကာ အုပ်စုပထမနေရာနဲ့ ကမ္ဘာ့ဖလား(၃၂)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အုပ်စု(B) ရဲ့ အကောင်းဆုံးပွဲစဉ် တစ်ပွဲဖြစ်တဲ့ ဆွစ်ဇာလန်အသင်းနဲ့ ကနေဒါအသင်းတို့ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းက ကနေဒါအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ကမ္ဘာ့ဖလား(၃၂)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
မော်ရိုကိုအသင်းကတော့ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်အဖြစ် ဟေတီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး ဟေတီအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိကာ ဘရာဇီးအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အုပ်စုအဆင့်ဒုတိယနေရာဖြင့် ကမ္ဘာ့ဖလား (၃၂)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခြားသောပွဲစဉ်တွေထဲမှာ အုပ်စု(A)ရဲ့စိတ်ဝင်စားစရာ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ တောင်အာဖရိကအသင်းနဲ့ တောင်ကိုရီးယားအသင်းတို့ပွဲစဉ်မှာတော့ တောင်အာဖရိကအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီးကမ္ဘာ့ဖလား(၃၂)သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဘော့စနီးယားအသင်းနဲ့ ကာတာအသင်းနဲ့ ပွဲစဉ်မှာ ဘော့စနီးယားအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မက္ကဆီကိုအသင်းနဲ့ ချက်ဇ်အသင်းတို့ပွဲစဉ်မှာ မက္ကဆီကိုအသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


