ဆော်ပေါ်လို၊ အောက်တိုဘာ ၅
ဘရာဇီးနိုင်ငံ ဘရာဆီးလီးယားမြို့၌ မိုးမရွာဘဲရှိသည်မှာ ရက်ပေါင်း ၁၆၄ ရက် ဆက်တိုက်ရှိပြီဖြစ်ပြီး အကြာဆုံးခြောက်သွေ့မှုအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း အမျိုးသား မိုးလေဝသအင်စတီကျုက အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကာလရှည်ကြာမိုးခေါင်မှုသည် တောမီးလောင်မှုနှင့် မြက်ခင်းပြင်များ မီးလောင်မှုကို ဖြစ်ပေါ်စေသည်။ ဩဂုတ်လ လယ်ပိုင်းမှစတင်ကာ နိုင်ငံအနှံ့ဒေသများတွင် တောမီးလောင်မှုများ ပျံ့နှံ့လာခဲ့သည်။ ၁၉၆၃ ခုနှစ်ကလည်း ဘရာဆီးလီးယားမြို့၌ ၁၆၃ ရက်တိုင်တိုင် မိုးမရွာဘဲမိုးခေါင်မှုဖြစ်ပွားခဲ့သည်။
ဘရာဆီးလီးယားမြို့သည် ဘရာဇီးနိုင်ငံအလယ် ပိုင်းဒေသတွင်ရှိပြီး ယခုအခါ အလွန်အမင်းပူပြင်းခြင်းနှင့် စိုထိုင်းဆနည်းခြင်းဟူသော ခြိမ်းခြောက်မှုနှစ်ခုနှင့် ရင်ဆိုင်နေရသည်။ အာဏာပိုင်များက လိမ္မော်ရောင်အဆင့် သတိပေးမှုထုတ်ပြန်ထားပြီး အပူချိန် ၃၅ ဒီဂရီဆဲလ်ဆီးရပ်စ်ထက် ကျော်လွန်ကာ စိုထိုင်းဆ ၁၅ ရာခိုင်နှုန်း ကျဆင်းနေသည်။ ယခင်နှစ်ကနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်အတွင်း ဘရာဆီးလီးယားမြို့၌ တောမီးလောင်မှုမှာ ၂၆၉ ရာခိုင်နှုန်းတိုးလာသည်ဟု အမျိုးသားအာကာသ သုတေသနအင်စတီကျု၏ အစီရင်ခံစာအရ သိရသည်။ အောက်တိုဘာ ၈ ရက်တွင် မိုးရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။ ဘရာဆီးလီးယားသည် ယခုနှစ်အတွင်း စံချိန်တင်တောမီးလောင်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
ဆင်ဟွာ