တိုကျို  နိုဝင်ဘာ ၈

ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် နစ်ဆန်းကုမ္ပဏီသည်  တောင်အမေရိကတွင်  လုပ်ငန်းများ လုပ်ကိုင်မှုကို တိုးချဲ့လျက်ရှိပြီး ဘရာဇီးတွင်  ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်သွားမည်ဟု သိရသည်။ 

၂၀၂၅ ခုနှစ်အထိ တစ်လျှောက်လုံးတွင် ဘရာဇီး၌ ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဒေါ်လာ သန်း ၅၇၀ အထိ တိုးမြှင့်သွားမည်ဟု  နစ်ဆန်းကုမ္ပဏီက  ပြောသည်။    အဆိုပါပမာဏသည် ပြီးခဲ့သည့်နှစ်   ဧပြီလက   ကြေညာခဲ့သည့် နှုန်းထက် နှစ်ဆက်ကျော် ပို၍များပြားသည်။

ရီယိုဒီဂျနေးယိုးပြည်နယ်ရှိ   စက်ရုံသို့ နစ်ဆန်းကုမ္ပဏီဥက္ကဋ္ဌနှင့် စီအီးအို   အူချီဒါ မာကိုတို  လာရောက် လည်ပတ်စဉ်     ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။   ဘရာဇီးတွင် ကားသစ်ထုတ်လုပ်မှု လုပ်ဆောင် နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု အူချီဒါက ပြောသည်။

ဘရာဇီးစက်ရုံတွင် ကားအမျိုးအစားသစ် နှစ်မျိုးကို နစ်ဆန်းမှ  ထုတ်လုပ်သွားမည်ဖြစ်သည်။ အမေရိက တောင်ပိုင်းနှင့် အလယ်ပိုင်းတို့ရှိ နိုင်ငံပေါင်း ၂၀ ကျော်ကို ကားများ တင်ပို့သွားရန်  အစီအစဉ်ရှိသည်။  ဂျပန်ကားကုမ္ပဏီဖြစ်သည့် တိုယိုတာကုမ္ပဏီနှင့် တရုတ်လျှပ်စစ်ကား ကုမ္ပဏီဖြစ်သည့် BYD တို့သည် ဘရာဇီးတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ၊ အစီအစဉ်များကို ကြေညာခဲ့သည်။        

အင်န်အိတ်ချ်ကေ