ရီယိုဒီဂျနေးရိုး ၄ မတ် 

 

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း မီနာစ်ဂျီရာစ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူပေါင်း ၁၆၆ ဦး သေဆုံးခဲ့သည့် ဆည်ပြိုကျမှုနှင့်   ပတ်သက်ပြီး      Vale Fabio Schvartsman ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာက ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း ယနေ့ အေအက်ဖ်ပီသတင်း တစ်ရပ်အရ သိရသည်။

 

အဆိုပါ ဆည်ပြိုကျပျက်စီးမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက်  အမှုဆောင်ဒါရိုက်တာက  ရာထူးမှ  နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။    ထို့ပြင်ကုမ္ပဏီဝန်ထမ်း  ၁၃  ဦးအား  ရာထူးမှ နုတ်ထွက်ရန်ပြည်သူများက တောင်းဆိုထားကြောင်း သိရသည်။

 

အမှုဆောင်ဒါရိုက်တာက ၎င်းရာထူးမှ နုတ်ထွက်ခြင်းသည် ကုမ္ပဏီအနေဖြင့် ရေရှည်ရပ်တည်နိုင်ရန်နှင့် မတော်တဆမှုဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့သူများနှင့်၎င်းတို့၏ မိသားစုများအား ထပ်တူထပ်မျှ ဝမ်းနည်းမိသည်ကို ဖော်ပြလိုခြင်းကြောင့် ဖြစ်သည်ဟု ကုမ္ပဏီစီမံကွပ်ကဲရေးအဖွဲ့သို့  ပေးပို့ခဲ့သည့် နုတ်ထွက်စာတွင် ထည့်သွင်းရေးသားထားကြောင်း သိရသည်။

 

ဆည်ပြိုကျပျက်စီးမှုနှင့်ပတ်သက်ပြီး  ဘရာဇီး အာဏာပိုင်များက  ဇန်နဝါရီ  ၂၉  ရက်တွင် ကုမ္ပဏီဝန်ထမ်းသုံးဦးနှင့်  အင်ဂျင်နီယာနှစ်ဦးတို့အား ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။  ထို့ပြင်  ဖေဖော်ဝါရီ  ၁၅  ရက်တွင်ကုမ္ပဏီဝန်ထမ်း  ရှစ်ဦးအား    ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

 

Vale Fabio Schvartsman ကုမ္ပဏီပိုင်ဆိုင်သော  အဆိုပါ  ဆည်ပြိုကျမှုကြောင့် လူပေါင်း  ၁၆၆  ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၅၅ ဦးပျောက်ဆုံးလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီး စေခဲ့သည်။                                          

 အေအက်ဖ်ပီ