ဘရာဇီးနိုင်ငံဟာ နေတိုးအဖွဲ့ဝင်ဖြစ်လာနိုင်ကြောင်း အမေရိကန် ပြောကြား

၂၀ မတ်

အမေရိကန်သမ္မတအိမ်တော်မှာ သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဘရာဇီး သမ္မတ ဂျာအဲ ဘော့ဆိုနာရို တို့ တွေ့ဆုံရာမှာ ဘရာဇီးနိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်နိုင်ရေး သို့မဟုတ် နှစ်နိုင်ငံ မဟာမိတ်ဖြစ်ရေးကို သူတို့နှစ်ဦးက အလေးထားပြီး လုပ်ဆောင်ဖို့ရှိကြောင်း နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အင်္ဂါနေ့ကကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရန့်က ပြောကြားလိုက်ပါတယ်။

ထို့အပြင် သတင်းစာရှင်းလင်းပွဲမှာ ဗင်နီဇွဲလားနိုင်ငံအကြောင်းက အဓိက အကြောင်းအရာအဖြစ် ပါဝင်နေပါတယ်။ အမေရိကန်နိုင်ငံဟာ မာဒူရို အစိုးရရဲ့ ဘဏ္ဍာရေး ယိမ်းယိုင်အောင် ဗင်နီဇွဲလားနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ ပိုလုပ်မယ့်အကြောင်း ပြောပါတယ်။

ဘရာဇီးနိုင်ငံဟာ ဗင်နီးဇွဲလားနိုင်ငံနဲ့ အရှည်ဆုံးနယ်စပ် ထိစပ်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဘရာဇီးနိုင်ငံဟာ ဗျူဟာမှာ အဓိကအရေးပါတဲ့ နိုင်ငံဖြစ်တာကို တွေ့ရပါတယ်။ ဘရာဇီး သမ္မတအတွက်တော့ သူ့ရဲ့ဆန္ဒတစ်ခုဖြစ်တဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေးပါလို့ လေ့လာသုံးသပ်နေကြပါတယ်။

ထရန့်နဲ့ ဘော့ဆိုနာရိုတို့ ရင်းနှီးမှုဟာ ဗင်နီးဇွဲလားနိုင်ငံအရေးတင်မကဘဲ တောင်အမေရိကမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးလွှမ်းမိုးမှုတွေကို ဝါရှင်တန်က ပြန်တွန်းကန်ဖို့အတွက်ပါ ဖြစ်ကြောင်း သုံးသပ်ထားပါတယ်။ ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်တွေမှာ ရာသီဥတုပြောင်းလဲခြင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေပေါ်ထားတဲ့ သဘောထားကလည်း တူသလိုရှိနေတာကို တွေ့ရပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံပေါင်း ၂၉ နိုင်ငံရှိပြီးဖြစ်ပေမယ့် လက်တင်အမေရိက နိုင်ငံများနဲ့ ဘရားဇီး လို တောင်အတ္တလန်တိတ် နိုင်ငံတွေ ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။

မက်ဆီးဒိုးနီးယားနိုင်ငံဟာ နေတိုးအဖွဲ့ဝင် ၃၀ မြောက် နိုင်ငံလို့ ပြီးခဲ့တဲ့ လက ကြေငြာခဲ့ပါတယ်။  နေတိုးအဖွဲ့ဟာ ဧပြီလ ၄ ရက် ၁၉၄၉ ခုနစ်မှာ စတင်တည်ထောင်ခဲ့တဲ့အတွက် လာမယ့် ဧပြီ ၄ ရက်နေ့ဟာ နေတိုးအဖွဲ့ နှစ် (၇၀) ပြည့်မှာဖြစ်ပါတယ်။

MDN
ကိုးကား - AFP

 

mdn