ဘရာဇီးနိုင်ငံမှာ ၂၄ နာရီအတွင်း လူပေါင်း ၃၅,ဝ၀ဝ နီးပါးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိ

၁၇ ဇွန်

 

ဘရာဇီးနိုင်ငံမှာ အင်္ဂါနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်ဟာ အများဆုံးဖြစ်သွားကြောင်း၊ လူပေါင်း ၃၅,ဝ၀ဝ နီးပါးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့အတွက် ဘရာဇီးနိုင်ငံကို ရောဂါပိုးရောက်ရှိချိန်မှစပြီး စံချိန်တင်ပမာဏလို့ ဆိုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

 

ကမ္ဘာမှာ ဘရာဇီးနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံသူနဲ့ သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံအဖြစ် အမေရိကန်နိုင်ငံနောက်မှာ ရှိနေခဲ့ပါတယ်။ အင်္ဂါနေ့မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၃၄,၉၁၈ ဦးနဲ့ သေဆုံးသူ ၁,၂၈၂ ဦးရှိရာ စုစုပေါင်း ရောဂါပိုးတွေ့ရှိသူ ၉၂၃,ဝ၀ဝ ဦးရှိပြီး သေဆုံးသူစုစုပေါင်း ၄၅,၂၄၁ ဦးရှိကြောင်း သိရပါတယ်။

 

လူဦးရေ ၂၁၂ သန်းနေထိုင်တဲ့ ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးစစ်ဆေးနှုန်းဟာ ဒီ့ထက်များခဲ့မယ်ဆိုရင် ရောဂါပိုးရှိသူပမာဏဟာ အခုထက်များနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းနေပါတယ်။

 

‘ပန်’ အမေရိကန်ကျန်းမာရေးအဖွဲ့ရဲ့ ဒါရိုက်တာက ဒေသတွင်းမှာရှိတဲ့ ဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူတွေရဲ့ ၂၃ ရာခိုင်နှုန်းဟာ ဘရာဇီးနိုင်ငံကဖြစ်သလို သေဆုံးတွေရဲ့ ၂၁ ရာခိုင်နှုန်းဟာလည်း ဘရာဇီးနိုင်ငံမှာ ဖြစ်နေကြောင်း ပြောပါတယ်။ ဒါ့အပြင် ဘရာဇီးနိုင်ငံမှာ ရောဂါကူးစက်နှုန်း ကျသွားတာကိုလည်း မတွေ့ရကြောင်း ဆက်ပြောပါတယ်။

 

ဘရာဇီးနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးနှိမ်နင်းရေးမှာ အခက်အခဲနဲ့ တွေ့နေရပါတယ်။ သမ္မတက ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန် အသွားအလာကန့်သတ်တဲ့အတွက် စီးပွားရေးအပေါ်ကျရောက်တဲ့ ဆိုးကျိုးက ဗိုင်းရပ်စ်ပိုးကိုယ်တိုင်ထက် ပိုများကြောင်းနဲ့ ဗိုင်းရပ်စ်ပိုးကို ကုသရန် chloroquine နဲ့ hydroxychloroquine တွေကို သုံးရန်ညွှန်ကြားထားပါတယ်။ အဲဒီဆေးနှစ်လုံးဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကုသရေးမှာ တိကျတဲ့အကျိုးသက်ရောက်မှု မရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP