ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်သန်းကျော်ရှိသွားပြီ

mdn

၂၀ ဇွန်

 

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူပေါင်း တစ်သန်းကျော်ရှိသွားကြောင်း သောကြာနေ့ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

 

သောကြာနေ့ကထုတ်ပြန်ချက်မှာ (၂၄)နာရီ အတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူပေါင်း ၅၄,၀၀၀ ကျော်ရှိခဲ့ကြောင်း၊ အခု အရေအတွက်ဟာ တချို့ပြည်နယ်တွေမှာ သုံး၊လေးရက် လူနာစာရင်းစုပြီးမှ ဗိုင်းရပ်စ်ပိုးတွေ့ရှိလူနာစာရင်းအဖြစ် တင်သွင်း လာတဲ့ အတွက် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

 

ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁,၀၃၂,၉၁၃ ဦးရှိပြီး သေဆုံးသူ ၄၈,၉၅၄ ဦးရှိတဲ့အတွက် ကမ္ဘာမှာ အမေရိကန်နိုင်ငံ ပြီးရင် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူနဲ့ သေဆုံးသူ ဒုတိယအများဆုံး များတဲ့နိုင်ငံဖြစ်လာပါတယ်။ ဇွန်လဆန်းက စပြီး ဘရာဇီးနိုင်ငံဟာ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နဲ့ သေဆုံးမှုအများ ဆုံးနိုင်ငံဖြစ်လာကြောင်း AFP သတင်းဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။

 

လွန်ခဲ့တဲ့ လေးရက်ကစပြီး သေဆုံးသူဟာ နေ့စဉ် ၁,၀၀၀ကျော်ဖြစ်လာပါတယ်။ ဘရာဇီးသမ္မတက ကပ်ရောဂါပိုးကို တုပ်ကွေးရောဂါနဲ့ နှိုင်းယှဉ်ထားတဲ့အတွက် ကပ်ရောဂါတိုက်ဖျက်ရေးကို လုပ်ဆောင်ရာမှာ နည်းဗျူဟာ အရအခက်တွေ့နေကြောင်း သိရပါတယ်။

 

 သမ္မတက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်လာမယ့် ဆိုးကျိုးထက် စီးပွားရေးလုပ်ငန်းတွေပိတ်ထားတဲ့အတွက် ဖြစ်လာမယ့် ဆိုးကျိုးက ပိုးများကြောင်းပြောဆိုပါတယ်။ ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး စတင်ကူးစက်ကတည်းက ကျန်းမာရေးဝန်ကြီး နှစ်ယောက်ပြောင်းသွားပြီး ဖြစ်ပါတယ်။ ဧပြီလက နုတ်ထွက်ခဲ့ရတဲ့ ကျန်းမာရေး ဝန်ကြီးဟောင်းက အစိုးရရဲ့ သတင်းစကားအမျိုးမျိုးတွေကြောင့် ဘရာဇီးနိုင်ငံသားတွေဟာ ကပ်ရောဂါပိုးဒဏ် ခံစားနေရကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနဲ့ သက်ဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေကို အိမ်မှာနေဖို့နဲ့ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေရေး တိုက်တွန်းနေစဉ်မှာ သမ္မတက ဆန့်ကျင်ဘက်တွေ ပြောနေကြောင်း ကျန်းမာရေးဝန်ကြီးဟောင်းက ပြောပါတယ်။

 

MDN

ကိုးကား - AFP