၁၂ ဒီဇင်ဘာ
ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၈၀,၀၀၀ ကျော်ရှိသွားကြောင်း သောကြာနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျွမ်းကျင်ပညာရှင်တွေက ဗိုင်းရပ်စ်ပိုးကူးစက်မှု ဒုတိယလှိုင်းအတွင်းမှာ ရှိနေကြောင်း ပြောနေချိန်မှာ သမ္မတကတော့ ကပ်ရောဂါဖြစ်ပွားမှုဟာ ပြီးဆုံးတော့မယ်လို့ ပြောနေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ သောကြာနေ့ ထုတ်ပြန်ချက်မှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၆၇၂ ဦး ရှိတဲ့အတွက် သေဆုံးသူစုစုပေါင်း ၁၈၀,၄၃၇ ဦးရှိကြောင်း သိရပါတယ်။ ဘရာဇီးနိုင်ငံဟာ ကမ္ဘာမှာ အမေရိကန်နိုင်ငံပြီးရင် ဗိုင်းရပ်စ်ပိုးဒဏ်ခံရတဲ့ ဒုတိယအဆိုးဆုံး နိုင်ငံဖြစ်ပါတယ်။
ကပ်ရောဂါနဲ့ ပတ်သက်ပြီး လက်ယာစွန်းသမ္မတ ဘိုဆိုနာရီက ဘရာဇီးနိုင်ငံဟာ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတာ အဆုံးသတ်ဖြစ်နေကြောင်း၊ ကပ်ရောဂါကို ကိုင်တွယ်ရာမှာ ကမ္ဘာအကောင်းဆုံး အစိုးရ ဒါမှမဟုတ် အကောင်းဆုံးအစိုးရတွေထဲက တစ်ခုဖြစ်ကြောင်း ကြာသပတေးနေ့က ပြောကြားပါတယ်။

ဘရာဇီး ပြည်သူ့ကျန်းမာရေး သုတေသနဌာန Fiocruz မှ သုတေသနပညာရှင် ခရစ်တိုဗမ် ဘာဆယ်လို က သမ္မတရဲ့ ပြောဆိုမှုဟာ အမှားကြီးဖြစ်ကြောင်း၊ အခုလို ပြောဖို့ ဘယ်ကနေ အကြံဉာဏ်ရလဲ မသိကြောင်း၊ ကပ်ရောဂါနဲ့ ရင်ဆိုင်နေတာ ပြီးဆုံးတော့မယ်ဆိုတာ ဘာနဲ့တိုင်းထားလဲ မသိကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ဟာ ၂၄ နာရီအတွင်း ၅၄,၀၀၀ ကျော်ရှိတဲ့အတွက် ပိုးကူးစက်ခံရသူ ၆ ဒသမ ၈ သန်း ရှိသွားကြောင်း သောကြာနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လူဦးရေ ၂၁၂ သန်းနေထိုင်တဲ့ ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ပထမဆုံး ထိုးပေးသွားမယ်လို့ သမ္မတ က ပြောပါတယ်။
MDN
ကိုးကား - AFP