ဇွန် ၁၉
ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် အပူပိုင်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၃ ဦးအထိရှိလာပြီး လေးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း နိုင်ငံ၏အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ယမန်နေ့က ပြောကြားသည်။
အဆိုပါမုန်တိုင်းတိုက်ခတ်မှုနှင့်ရေကြီးမှုတို့ကြောင့် ပျက်စီးမှုများရှိခဲ့ကြောင်း၊ အိမ်နီးချင်း ဉရုဂွေးနှင့် အာဂျင်တီးနားတို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသော ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်ဒီဒိုဆုလ်ပြည်နယ်ရှိ မြို့ပေါင်း ၄၀ ကျော် မုန်တိုင်းဒဏ်သင့်ခဲ့ရသည်။
ပျောက်ဆုံးနေသူများအားရှာဖွေရန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အရပ်ဘက် ကာကွယ်ရေးအေဂျင်စီက ပြောကြားသည်။
လူပေါင်း ၄၉၁၃ ဦးကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်းနှင့် လူဦးရေသန်းတစ်ဝက်ကျော်သည် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုဒဏ်ခံနေရကြောင်း ထိုအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။
ဘရာဇီးသမ္မတ လူးဝစ်အင်နာစီကိုလူလာဒါဆဲလ်ဗားက မုန်တိုင်းဘေးသင့်ဒေသအား အစိုးရအကူအညီများ ပေးအပ်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို