ဧပြီ ၁၉
ဘရာဇီးနိုင်ငံအစိုးရသည် ပြီးခဲ့သည့်နှစ်နှစ် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု စတင်ဖြစ်ပွားစဉ်က ချမှတ်ခဲ့သော ပြည်သူ့ကျန်းမာရေးအရေးပေါ်စီမံချက်များကို ရုပ်သိမ်းရန် စီစဉ်ထားသည်။
ကျန်းမာရေးဝန်ကြီး မာစီလိုကီရိုဂါက နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်မှုအရေအတွက် လျော့နည်းလာသည်ဟု ယူဆရကြောင်း ယမန်နေ့ကပြောကြားသည်။ လူအများစုမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက ချမှတ်ခဲ့သော အဆိုပါကိုဗစ်-၁၉ ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်စီမံချက်များကို ရက်အနည်းငယ်အတွင်း ရုပ်သိမ်းသွားမည် ဖြစ်သည်။
ဘရာဇီးနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရသူဦးရေ သန်း ၃၀ ကျော်ရှိခဲ့သည်။ ကမ္ဘာ့နိုင်ငံများအနက် ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွင် တတိယမြောက်အများဆုံးနိုင်ငံ ဖြစ်သည်။ ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၆၆၀၀၀၀ ကျော်ရှိခဲ့သည်။ ကမ္ဘာ့နိုင်ငံများအနက် ကိုဗစ်ကူးစက်ခံရမှုကြောင့် သေဆုံးမှုတွင် ဒုတိယမြောက်အများဆုံးနိုင်ငံ ဖြစ်သည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်ရောဂါကူးစက်မှုနှင့်သေဆုံးမှု အများဆုံးသော နိုင်ငံဖြစ်သည်။
ကိုးကား-အန်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို