အောက်တိုဘာ ၁၄
ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွာစဉ်ကာလအတွင်း ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ကျန်းမာရေးဝန်ထမ်း ၄၅၀၀ သေဆုံးခဲ့ကြောင်း ပြည်သူ့ဝန်ထမ်းကိုယ်စားပြုကမ္ဘာလုံးဆိုင်ရာအဖွဲ့ချုပ်က ယမန်နေ့က ပြောကြားသည်။
အဆိုပါရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူများအနက် ၁၁၈၄ ဦးသည် သူနာပြုများဖြစ်ပြီး ၁၀ ဦးအနက် ရှစ်ဦးသည် အမျိုးသမီးများဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့အစည်းနှင့်ဆက်စပ်သည့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့အဖွဲ့အစည်း( ပီအက်စ်အိုင် )၏ ပြောကြားချက်အရ သိရသည်။
တရားဝင်ထုတ်ပြန်ထားသောအချက်အလက်များကိုအခြေခံပြီး ၂၀၂၀ ခုနှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူများကို စာရင်းသွင်းထားခြင်းဖြစ်ကြောင်း ပီအက်စ်အိုင်က ဖော်ပြထားသည်။
ကမ္ဘာ့နိုင်ငံများအနက် ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးမှုတွင် အမေရိကန်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတွင် အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် တတိယအများဆုံးနိုင်ငံဖြစ်သည်ဟု ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို