ဒီဇင်ဘာ ၂၄

ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းရှိ တိုကန်တင်မြစ်အတွင်း တံတားတစ်စင်းပြိုကျမှုကြောင့် သုံးဦးထက်မနည်းသေဆုံးပြီး အခြား ၁၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မာရန်ဟာအိုပြည်နယ် အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ယမန်နေ့ကပြောကြားသည်။

အဆိုပါတံတားပြိုကျမှုဖြစ်ပွားချိန် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ထိုတံတားပေါ်တွင် ထရပ်ကားသုံးစီး၊ မော်‌တော်ဆိုင်ကယ်အများအပြားနှင့် ကားနှစ်စီးထက်မနည်းရှိကြောင်း အဝေးပြေးလမ်းရဲတပ်ဖွဲ့၏ပြောကြားချက်အရသိရသည်။

မြစ်ကူးတံတားပြိုကျမှုကြောင့် သေဆုံးသူများမှာ ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် ၄၂ အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်သည်ဟု အာဏာပိုင်များကအတည်ပြုထားပြီး သေဆုံးသူတစ်ဦးကိုမူ မည်သူမည်ဝါဟုမသိရှိရသေးကြောင်း ဖော်ပြထားသည်။

၅၃၃ မီတာအရှည်ရှိသောတံတားသည် တိုကန်တင်ပြည်နယ် အဂရီအာနိုပိုလစ်မြို့နှင့် မာရန်ဟာအိုပြည်နယ် အက်ထရီတိုမြို့များနှင့်ဆက်သွယ်ထားပြီး ဘီအာ-၂၂၆ အဝေးပြေးလမ်း၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပို့ဆောင်ရေးဝန်ကြီး ရီနန်ဖီလ်ဟိုက တံတားကိုချက်ချင်းပြန်လည်တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၂ သန်းခန့် သုံးစွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တံတားပြိုကျမှုဖြစ်ပွားသည့်အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို