ရီယိုဒီဂျနေးယိုး ဖေဖော်ဝါရီ ၂၆
ဘရာဇီးနိုင်ငံ၌ စံချိန်တင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၄၀ ခန့် သေဆုံးခဲ့ပြီး လူများစွာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် အရှေ့တောင်ပိုင်းပြည်နယ်ဖြစ်သည့် မီနက်စ်ဂျရေ့စ်တွင် ရေကြီးမြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။ ရေကြီးမြေပြိုမှုများကြောင့် သေဆုံးသူဦးရေ ၄၀ ခန့်ရှိသည်ဟု အာဏာပိုင်များက အတည်ပြုခဲ့သည်။ ပျောက်ဆုံးနေသူ ၃၀ ခန့် ရှိနေသေးသည့်အတွက် အာဏာပိုင်များက ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
ဂျူအီဒက်ဖော်ရာမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ကို အဆိုးရွားဆုံးခံစားရပြီး အဆိုပါမြို့မှ လူပေါင်း ၃၅၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသူများထဲတွင် မြေပြိုမှုကြောင့် နေအိမ်ဆုံးရှုံးသွားသူများလည်း ပါဝင်သည်။
ပြင်းထန်သည့် မိုးရွာသွန်းမှုအခြေအနေကြောင့် ပျက်စီးဆုံးရှုံးမှုတိုးလာသည်ဟု အာဏာပိုင်များက ယူဆသည်။ စုစုပေါင်းမိုးရေချိန်မှာ ဖေဖော်ဝါရီလအတွက် မျှော်မှန်းထားသည်ထက် သုံးဆပို၍ များပြားသည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ


