နိုဝင်ဘာ ၈

 

ဘရာဇီးနိုင်ငံအရှေ့တောင်ဘက် ဆောပေါ်လိုပြည်နယ်တွင် ပြင်းထန်သောမုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ရှစ်ဦးရှိလာကြောင်း အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ယမန်နေ့ကပြောကြားသည်။

 

အဆိုပါမုန်တိုင်းကြောင့် ပျက်စီးမှုများပြားကြောင်း၊ တစ်နာရီ ကီလိုမီတာ ၁၃၀ ဖြင့် လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပေါင်း ၉၀၀ ကျော် ပြိုလဲကျကာ လူပေါင်း နှစ်သန်းကျော် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနှင့်ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။

 

သစ်ပင်လဲကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတက်ကုသမှုခံယူနေသူတစ်ဦး သေဆုံးခဲ့သဖြင့် မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေမြင့်တက်လာသည်ဟု သိရသည်။

 

ထိုမုန်တိုင်းတိုက်ခတ်မှုတွင် Ilhabela ကျွန်း၌ လှေငယ်တစ်စီးနစ်မြုပ်ခြင်း၊ နံရံများပြိုကျခြင်းနှင့် သစ်ပင်များပြိုလဲကျခြင်းတို့ကြောင့် သေဆုံးမှုများဖြစ်ပွားခဲ့သည်။

 

အရပ်ဘက်ကာကွယ်ရေးနှင့်မီးသတ်ဌာန၏ပြောကြားချက်အရ မြို့ပေါင်း ၄၀ တွင် အရေးပေါ်ခေါ်ဆိုမှု ၂၀၀၀ ကျော်ရှိသည်ဟု သိရသည်။

 

တောင်အမေရိကတွင် အကြီးဆုံးမြို့ဖြစ်သော ဆောပေါ်လိုပြည်နယ်မြို့တော်တွင် လူဦးရေ ၁၂ သန်းနေထိုင်ပြီး ဒေသခံ နှစ်သိန်းသည် ယမန်နေ့ကအထိ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနှင့်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း နိုင်ငံပိုင်သတင်း အေဂျင်စီက ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို