ဖေဖော်ဝါရီ ၂၀
ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း ဆောပိုလိုပြည်နယ်ကမ်းရိုးတန်းတစ်လျှောက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားသဖြင့် ယမန်နေ့က လူ ၁၉ ဦး ထက်မနည်းသေဆုံးကြောင်း ထိုပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ထိုသေဆုံးသူများတွင် အသက်ခုနစ်နှစ်အရွယ်မိန်းကလေးတစ်ဦးပါဝင်ပြီး ၎င်းမိန်းကလေး၏မိသားစုနေအိမ်ပေါ်သို့ ကျောက်တုံးကြီးတစ်တုံးပြိုကျခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးတစ်ဦးမှာလည်း ၎င်းကိုယ်ပေါ်သို့သစ်ပင် တစ်ပင်လဲကျသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းရုပ်သံဂလိုဘိုနယူးစ်တွင် ဖော်ပြခဲ့သည်။
ယခုသီတင်းပတ်အတွင်းကျင်းပသောပွဲတော်များကြောင့် နိုင်ငံခြားခရီးသွားများ အသွားအလာအများဆုံးဖြစ်သော ဘရာဇီးနိုင်ငံ၏ပြည်နယ်ဖြစ်သည့် ဆောပိုလိုရှိ ကမ်းရိုးတန်းမြို့များတွင် ပွဲတော်များကျင်းပခြင်းကို ဆိုင်းငံ့ထားသည်ဟု သိရသည်။ ဆောစီဘတ်တီအို၊ ဉဘတ်ကျူဘာ၊ ဘာတီအိုဂါ၊ ဂါရူဂျာ၊ အီဟာဘီလာနှင့်ဆန်တိုမြို့များ ရေဘေးသင့်ခဲ့ကြသည်။
ဆောစီဘတ်တီအိုဒေသအစိုးရက မြေပြိုမှုများနှင့်လမ်းပျက်စီးမှုတို့ကြောင့် အဝေးပြေးလမ်းများပိတ်ထားသဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာအရေးပေါ်အခြေအနေတစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။
ဖက်ဒရယ်အစိုးရက အမျိုးသားအရပ်ဘက်ကာကွယ်ရေးအေဂျင်စီမှကယ်ဆယ်ရေးသမားများ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ပေါင်းစည်းရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဝဲလ်ဒက်ဇ်ဂိုးစ်သည် ယနေ့တွင်ထိုဒေသသို့သွားရောက်မည်ဟု ယူဆရ ကြောင်းဖော်ပြထားသည်။ ဂိုးစ်က ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီလုပ်ဆောင် ပေးသွားမည်ဟု ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို