ဘရာဇီးနိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၇၀၀ ကျော်ရှိ

ရီယိုဒီဂျနေးရိုး၊ မတ် ၂၅

ဘရာဇီးနိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ် ကွေးရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၇၀၀ ကျော်ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယနေ့ ပြောကြားသည်။

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှု ဆက်လက်မြင့်တက်လာခြင်းကြောင့် ကျန်းမာရေးအာဏာပိုင်များက အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ အလားတူ တောင်အမေရိကနိုင်ငံများ၌ သွေးလွန်တုပ်ကွေးရောဂါ လျင်မြန်စွာ ပျံ့နှံ့လျက်ရှိသည်။  ဘရာဇီးနိုင်ငံ၌ ဇန်နဝါရီလမှစတင်၍ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ နှစ်သန်းကျော်နှင့် သေဆုံးသူ ၇၁၅ ဦးထက်မနည်းရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူအရေအတွက် ယခင်နှစ်များကထက် ကူးစက်မှုစံချိန်တင်ကြောင်းဘရာဇီးနိုင်ငံ၏ ကျန်းမာရေး ၀န်ကြီးဌာနက ပြောကြားသည်။ ဆော်ပေါ်လို၊ ရီယိုဒီဂျနေးရိုးနှင့် ဘရာဇီးလီးယား မြို့တို့ကဲ့သို့သော လူနေထူထပ်သော ဒေသများတွင် ရောဂါဖြစ်ပွားမှုသည် မြင့်တက်လျက်ရှိသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်သောရောဂါဖြစ်သည်။ အဖျားကြီးပြီး ပြင်းထန်သော ခေါင်းကိုက်ခြင်းအပြင် ကြွက်သားနှင့် အဆစ်များပါ နာကျင်စေသည်။ ရောဂါပြင်းထန်လာပါက အသက်ဆုံးရှုံးစေနိုင်သည်။

ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်များကြောင့် အပူချိန်မြင့်မားခြင်းနှင့် စိုစွတ်သော အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေခြင်းသည် သွေးလွန်တုပ်ကွေးရောဂါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့မှုကို ဆက်လက်တွန်းအားပေးနေမည်ဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်