ဘရာဇီးနိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ လေးသန်းကျော်ဖြင့်စံချိန်တင်

ဧပြီ ၃၀

ဘရာဇီးနိုင်ငံတွင် ၂၀၂၄ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူလေးသန်းကျော်ဖြင့် စံချိန်တင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။ ယခုနှစ်ပထမ ၁၆ ပတ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူဦးရေ ၄၁၂၇၅၇၁ ကို တွေ့ရှိခဲ့ကြောင်း ထိုဝန်ကြီးဌာန၏ စာရင်းအင်းဖော်ပြချက်အရ သိရသည်။ လွန်ခဲ့သောနှစ် အလားတူကာလက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၀၂၁၇၄ ဦးရှိပြီး ၂၀၂၃ ခုနှစ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁ ဒသမ ၆၅၈ သန်းရှိကြောင်းဖော်ပြထားသည်။ ဇန်နဝါရီလနောက်ပိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ၁၉၃၇ ဦး သေဆုံးပြီး  စုံစမ်းစစ်ဆေးမှုလုပ်ဆောင်နေစဉ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြင့်သေဆုံးသည်ဟု သံသယရှိသူ ၂၃၄၅ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနကပြောကြားသည်။ လူဦးရေ ၁၃ သန်းနီးပါးနေထိုင်သော အကြီးဆုံးမြို့ဖြစ်သည့်ဆောပေါ်လိုမြို့ရှိ ရပ်ကွက်တိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားလာသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို