ဆော်ပိုလို ဒီဇင်ဘာ ၉

 

ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်ဒီ ဒိုဆူပြည်နယ်၌ လွန်ခဲ့သည့် ရက်သတ္တပတ်ကျော်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး နေအိမ်တစ်သိန်းနီးပါး ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။ ပြည်နယ်အတွင်း မြစ်ရေလျှံမှုနှင့် ရေကြီးမှုတို့ကြောင့် လူပေါင်း ၁ ဒသမ ၄၅ သန်းခန့် ထိခိုက်ခံစားရပြီး ဒေသခံ နှစ်သိန်းခန့်မှာ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

 

ထို့ပြင် ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာကက်တာရီနာ ပြည်နယ်ရှိ မြို့ပေါင်း ၂၂ မြို့တွင် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ဘေးလွတ်ရာသို့ပြောင်း ရွှေ့ခြင်းတို့ဖြစ်ပေါ်ခဲ့သည့်အတွက် ပြင်းထန်သည့် မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားဆဲဖြစ်ကြောင်း နိုင်ငံ၏အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်အဖွဲ့က ပြောသည်။

 

ဆန်တာ ကက်တာရီနာ ပြည်နယ်၏အကြီးဆုံးမြို့ဖြစ်သည့် ဂျိုအင်ဗဲလ်သည် ဒီဇင်ဘာ ၃ ရက်မှ စတင်ကာ ရေကြီးမှုဒဏ်ကိုခံစားခဲ့ရပြီး ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းအထိ မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။ ဒီယို နီရှိုဆာခီရာမြို့သည် လွန်ခဲ့သည့် ၄၈ နာရီအတွင်း မိုးရေချိန် ၁၈၆ ဒသမ ၄ မီလီမီတာစံချိန်တင်ခဲ့ပြီး ဆိုးရွားသည့် မြေပြိုမှုအန္တရာယ် ဖြစ်ပေါ်နိုင်ခြေများလာကြောင်း အဆိုပါဌာနက ပြောသည်။

 

ဘရာဇီးနိုင်ငံ၌ မေလမှ ဇွန်လအတွင်း မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အိမ်နီးချင်း ရီယိုဂရန်ဒီ ဒိုဆူပြည်နယ်၌ ရေကြီးမှုဖြစ်ပွားသဖြင့် လူ ၁၈၃ ဦး သေဆုံးခဲ့ပြီး ယင်းဒေသ၏ ၉၀ ရာခိုင်နှုန်းကျော် ထိခိုက်ခဲ့ကြောင်း သိရသည်။

 

ဆင်ဟွာ