ဘရာဇီးနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်ခံရသူ တစ်သန်းကျော် ရှိလာ

ဆော်ပေါလို ၂၁ ဇွန်

 

ဘရာဇီးနိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူအရေအတွက်မှာ တစ်သန်းကျော်သွားပြီဟု ဘရာဇီးအစိုးရက ပြောကြားခဲ့သည်။ ဇွန် ၁၉ ရက်က နောက်ထပ်ကူးစက်မှု ၅၄၇၇၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် စုစုပေါင်းအရေအတွက် ၁၀၃၂၉၁၃ ဦး ရှိလာပြီး သေဆုံးသူ အရေအတွက်မှာလည်း ၁၂၀၆ ဦးမှ ၄၈၉၅၄ ဦးအထိ ရှိလာသည်။

 

ဒုတိယနေရာ၌ရှိ

 

ဘရာဇီးသည် ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူများနှင့် ကူးစက်ခံရမှုနှုန်းတွင် အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယနေရာ၌ ရှိသည်။

 

လက်တင်အမေရိကနိုင်ငံဖြစ်သည့် ဘရာဇီးနိုင်ငံတွင် နေ့စဉ်ကူးစက်မှုနှုန်းမှာ ၅၀ဝ၀ဝ ကျော်အထိရှိပြီး နေ့စဉ် သေဆုံးမှုနှုန်းမှာလည်း အကြမ်းဖျင်းအားဖြင့် ၁၀ဝ၀ အထိ ရှိသည်။

 

ဆက်လက်ဖွင့်ထား

 

ကိုဗစ်-၁၉ ဗိုင်းရပ်စ်မှာ ဘရာဇီးနိုင်ငံအတွင်း ဝင်ရောက်မွှေနှောက်နေပြီး အထူးသဖြင့် ဆင်းရဲသားများနေထိုင်သည့်နေရာတွင် ကူးစက်မှုမြင့်တက်နေသော်လည်း စီးပွားရေးလုပ်ငန်းများမှာမူ ဆက်လက်ဖွင့်ထားဆဲ ဖြစ်သည်။

 

ဆော်ပေါလိုမြို့ဗဟိုတွင် ဗိုင်းရပ်စ်ကူးစက်မှုမြင့်မားနေသော်လည်း ယင်းဒေသရှိ ဈေးဆိုင်အများစုမှာ အာဏာပိုင်များ ခွင့်ပြုထားသည့်အချိန်ထက် ကျော်လွန်ကာ ဖွင့်လှစ်နေကြသည်။

 

ရုန်းကန်နေရ

 

မကြာခဏဆိုသလိုလည်း ဈေးဝယ်သူများနှင့်လူစု လူဝေးဖြစ်လျက်ရှိသည်။ ဘရာဇီးဆေးရုံအချို့ရှိ အထူးကြပ်မတ်ကုသဆောင်များမှာ လုပ်ငန်းစွမ်းဆောင်ရည်မလျော့ကျစေရေး ရုန်းကန်နေရသည်ဟု သိရသည်။

 

နေ့စဉ် ရှာဖွေမှုများပြုလုပ်

 

ကာကွယ်ဆေး ထုတ်လုပ်ရန်အတွက် စမ်းသပ်မှုအချို့ ပြုလုပ်နေသော်လည်း လပေါင်းများစွာ ကြာမြင့်ဦးမည်ဖြစ်ပြီး သိပ္ပံပညာရှင်များသည်လည်း ဗိုင်းရပ်စ်နှင့် ပတ်သက်သည့်အကြောင်းများ၊ ရောဂါလက္ခဏာများကို နေ့စဉ်ရှာဖွေမှုများ ပြုလုပ်နေကြသည်။

 

အင်န်အိတ်ချ်ကေ