၂၆ ဩဂုတ်
ဘရာဇီးနိုင်ငံ သမ္မတ ဂျား ဘော်ဆိုနာရို၏ အကြီးဆုံးသား ဘရာဇီး အထက်လွှတ်တော်အမတ် ဖလာဗီအို ဘော်ဆိုနာရို က ၎င်းမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါ အထက်လွှတ်တော်အမတ်က ကျန်းမာရေး ကောင်းမွန်ကြောင်း၊ ရောဂါလက္ခဏာ မပြကြောင်းနှင့် ဟိုက်ဒရိုကလိုရိုကွင်းနှင့် အာဇီသရိုမိုင်စင်ဆေးတို့ဖြင့် နေအိမ်တွင် ကုသမှုခံယူနေကြောင်းကို တွစ်တာတွင် ရေးသားထားသည်။
ဖလာဗီအိုသည် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသည့် သမ္မတ မိသားစုတွင် လေးဦးမြောက် ကူးစက်ခံရသူ ဖြစ်လာသည်။
သမ္မတဘော်ဆိုနာရို ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသည်ကို ဇူလိုင် ၇ ရက်နေ့တွင် တွေ့ရှိခဲ့သော်လည်း နေအိမ်မှ အလုပ်တာဝန်များ လုပ်ဆောင်ပြီးနောက် သီတင်းနှစ်ပတ်ကျော်အကြာ ထပ်မံစမ်းသပ် စစ်ဆေးရာတွင် ရောဂါပိုး ကင်းစင်သွားခဲ့သည်။
ဇူလိုင် ၃၀ ရက်နေ့တွင် သမ္မတ၏ဇနီး မီရှယ်လ်ဘော်ဆိုနာရို ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသည်။ ပြီးခဲ့သည့် သီတင်းပတ်က ရောဂါပိုး ကင်းစင်သွားကြောင်း မီရှယ်လ်က အသိပေးခဲ့သည်။
သမ္မတ၏ အငယ်ဆုံးသားဖြစ်သူ ဂျားရီနန်ဘော်ဆိုနာရိုလည်း လွန်ခဲ့သော ၁၀ ရက်က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်။
ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အများနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကာ အမေရိကန် နိုင်ငံပြီးလျှင် ဒုတိယမြောက် ကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်သည်။
ဘရာဇီးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃ ဒသမ ၆ သန်းကျော် ရှိပြီး သေဆုံးသူ ၁၁၆၅၈၀ ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ယမန်နေ့က နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို