ဘရာဇီးဌာနေ တိုင်းရင်းသား ခေါင်းဆောင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံး

၁၈ ဇွန်

 

ဘရာဇီးနိုင်ငံက အမေဇုန်မိုးသစ်တော ကာကွယ်ရေး ခေါင်းဆောင်လည်းဖြစ်၊ ဌာနေတိုင်းရင်းသား ခေါင်းဆောင်လည်းဖြစ်တဲ့ ပေါလင်နို ပိုင်အာကန် ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ ကြေညာပါတယ်။

 

အသက် ၆၅ နှစ်ဝန်းကျင်သာရှိတဲ့ ကန်ယာပိုလူမျိုးတွေရဲ့ အကြီးအကဲဖြစ်တဲ့ ပိုင်အာကန်ဟာ ဘရာဇီးနိုင်ငံရဲ့ တောင်ပိုင်းရှိ ပါရာပြည်နယ်က ဆေးရုံတစ်ရုံမှာ ကပ်ရောဂါပိုးကြောင့် မနေ့က ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။

 

ပိုင်အာကန်ဟာ ၁၉၈၀ ဝန်းကျင်က  ဘရာဇီးနိုင်ငံတွင်းမှာ ဘယ်လိုမွန်တီ ရေအားလျှပ်စစ် တည်ဆောက်ရေးကို ကန့်ကွက်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိသူဖြစ်ပါတယ်။ အဲဒီရေအား လျှပ်စစ်စီမံကိန်း တည်ရှိရာ နေရာဟာ ကမ္ဘာမှာ တတိယမြောက် အကြီးဆုံး ဆည်ကြီးဖြစ်ပါတယ်။

 

(Planet Amazon) ပလန်းနက်အမေဇုန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဂရက်ပီတာ ဘရော့ချ်က  ပိုင်အာကန်ဟာ သူ့ဘဝတစ်လျှောက်လုံး ကမ္ဘာတစ်ဝန်းရှိ ဌာနေ တိုင်းရင်းသားတွေနဲ့ မဟာမိတ် ဖွဲ့စည်းရေးနဲ့ အမေဇုန်မိုးသစ်တော ကာကွယ်စောင့်ရှောက်ရေးကို လုပ်ဆောင်ခဲ့သူဖြစ်တယ်။ သူ့ကို ဆုံးရှုံးရတာ အင်မတန်ကြေကွဲကြောင်း ပြောပါတယ်။

 

ကပ်ရောဂါပိုးဟာ ဘရာဇီးနိုင်ငံက အမေဇုန် အတွင်းရှိ ဌာနေတိုင်းရင်းသားတွေ အတွင်းမှာ ပိုမိုကူးစက်နေတာကို တွေ့ရပါတယ်။ တိုင်းရင်းသား ၅,၅၀၀ ကူးစက်ခံရပြီး လူပေါင်း ၂၈၇ ဦး သေဆုံးကြောင်း သိရပါတယ်။

 

ဘရာဇီးတစ်နိုင်ငံလုံးမှာ  ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၉၆၀,၃၀၉ ဦး ရှိပြီး ၄၆,၆၆၅ ဦး သေဆုံးကြောင်းနဲ့ ၅၀၃,၅၀၇ ဦးဟာ ပြန်လည် ကျန်းမာလာတယ်လို့ သိရပါတယ်။

 

MDN

ကိုးကား - AFP

222