၂၅ ဇူလိုင်
ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်း ပန်နာဘူဂိုပြည်နယ် ရီစီးဖီးဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ၁၃ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရာ အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။
Abreue ဒေသတွင်ငါးဦး၊ အိုလန်ဒါတို့တွင် သုံးဦးနှင့် ရီစီးဖီးတို့တွင် ငါးဦး သေဆုံးခဲ့ကြောင်း ပန်နာဘူဂို မီးသတ်တပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
သေဆုံးသူများတွင် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ပါဝင်သည်။
အင်္ဂါနေ့ နှောင်းပိုင်းတွင် စတင်ရွာသွန်းခဲ့သည့် အဆိုပါမိုးကြောင့် မြို့များအချို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားပြီး သစ်ပင်များပြိုလဲခြင်းဖြစ်ပေါ်ခဲ့ပြီး လူပေါင်း လေးသန်းနေထိုင်သည့် ရီစီဖီးမြို့တွင် ဘေးအန္တရာယ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Jaboatao dos Guararapes တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရှိသူ မရှိခဲ့ပေ။
အစိုးရကျောင်းများကို ခေတ္တပိတ်ထားကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားခဲ့သည်။
ခြောက်နာရီအတွင်း မိုးရေချိန် ၁၀၁ မီလီမီတာသို့ ရောက်ရှိသွားသည်ကို မှတ်တမ်းတင်ထားကြောင်း ရီစီးဖီးမြို့ပြကာကွယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
လာမည့်ရက် အနည်းငယ်အတွင်း မိုးဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်