ပဲရစ် ၂၇ ဇူလိုင်

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် မကြာမီ တွေ့ဆုံပြီး ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ပြီးနောက် ဗြိတိန်နှင့် ပြင်သစ်နှစ်နိုင်ငံဆက်ဆံရေးကိစ္စကို ဆွေးနွေးမည်ဟုပြင်သစ်နိုင်ငံ၏ ဥရောပသမဂ္ဂရေးရာဝန်ကြီး အမ်မလီ ဒီမွန့်ချာလင်က သောကြာနေ့က ပြောကြားသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မည့်ကိစ္စကို ပြန်လည်ညှိနှိုင်းဆွေးနွေးရန် အကြောင်းမရှိကြောင်း၊ ဥရောပသမဂ္ဂမှ ခွဲထွက်ပြီးသည့်နောက်ပိုင်း ဗြိတိန်နိုင်ငံသည် ပြင်သစ်နိုင်ငံ၏ မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြာ ခဲ့သည်။

ဗြိတိန်ပါလီမန်က သုံးကြိမ်တိုင်အောင် ကန့်ကွက်ခဲ့သည့် ဥရောပသမဂ္ဂနှင့် ယခင်ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ထရီစာမေတို့ သဘောတူညီခဲ့ကြသည့် ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေး သဘောတူစာချုပ်သည် ခွဲထွက်ရေးကို မည်သို့ဆောင်ရွက်ရမည်ဆိုသည်ကို ဖော်ပြထားကြောင်း၊ ဆက်လက်ညှိနှိုင်းရမည့်ကိစ္စမှာ အနာဂတ်ဆက်ဆံရေးဖြစ်ကြောင်း ဝန်ကြီးကပြောသည်။

ဝန်ကြီးချုပ်အဖြစ် ဗုဒ္ဓဟူးနေ့က ပထမဦးဆုံး မိန့်ခွန်းပြောကြားရာတွင် ဂျွန်ဆင်က ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ အောက်တိုဘာ ၃၁ ရက်နောက်ဆုံးထား၍ နုတ်ထွက်မည်ဖြစ်ကြောင်း၊ အကယ်၍ နုတ်ထွက်ရေး သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းရန် ဥရောပသမဂ္ဂက ငြင်းပယ်ပါက စိတ်မချမ်းမြေ့ဖွယ်ကောင်းသော နုတ်ထွက်မှု ဖြစ်လာနိုင်ကြောင်း သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အောင်ဇော်လင်း