နေပြည်တော် ၁၈ စက်တင်ဘာ 

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စီစဉ်ကျင်းပသော “ဘရက်ဆစ် (သို့မဟုတ်) ကွဲကြေမှုများ၏ နိဒါန်းလော” ခေါင်းစဉ်ဖြင့် ကမ္ဘာရေးရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

 

1

 

ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ကြီးဌာနအသီးသီးမှ စိတ်ပါဝင်စားသူ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ 

 

2

 

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ ဆွေးနွေးမည့်အကြောင်းအရာမှာ ဘရက်ဆစ်နှင့် ပတ်သက်၍ဖြစ်ပြီး အဆိုပါ အကြောင်းအရာမှာ ယနေ့ကမ္ဘာတွင် ထင်ရှားနေသည့် အကြောင်းအရာဖြစ်ပြီး နိုင်ငံအများစုနှင့် သက်ဆိုင်နေပါကြောင်း၊ ကမ္ဘာတွင် နိုင်ငံများပေါင်းစည်းခြင်း၊   ပြိုကွဲခြင်းနှင့် ပတ်သက်၍ သမိုင်းတစ်လျှောက် များပြားစွာ ဖြစ်ပေါ်ခဲ့ပါကြောင်း၊  ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယားနိုင်ငံ၊ ဥရောပသမဂ္ဂ စသည်ဖြင့်     အခြေခံ အကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ပေါင်းစည်းလာခဲ့ပြီး ပေါင်းစည်းခြင်း အနေအထားမှ တိမ်းစောင်းလာသည့်အခါ ပြိုကွဲမှုများ ဖြစ်ပေါ်လာတတ်ပါကြောင်း၊ ယင်းအပေါ် သင်ခန်းစာယူစရာများစွာ ရှိပါကြောင်း၊ စတင်ပေါင်းစည်းသည့် အကြောင်းအရာများ မတူကြသကဲ့သို့ ပြိုကွဲသည့် အကြောင်းအရာများလည်း မတူညီကြပါကြောင်း၊ ဘရက်ဆစ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို နားထောင်ရင်းမှ မိမိတို့အတွက် သင်ခန်းစာ များစွာရရှိနိုင်ပါကြောင်း၊ ဆွေးနွေးမှုများကို နားထောင်ပြီး ပါဝင်ဆွေးနွေးမေးမြန်း နိုင်ပါကြောင်း၊   ဆွေးနွေးပွဲလုပ်ရသည့် ရည်ရွယ်ချက်မှာ အများပါဝင်ဆွေးနွေးစေရန် ဖြစ်သည့်အတွက် အားလုံးပါဝင် ဆွေးနွေးစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 

3


  
ထို့နောက် မြန်မာရေးရာ လေ့လာရေးအဖွဲ့မှ အကြီးတန်းသုတေသီ ဦးအေးမောင်ကျော်က “ဘရက်ဆစ် (သို့မဟုတ်) ကွဲကြေမှုများ၏ နိဒါန်းလော” ခေါင်းစဉ်ဖြင့် ဘရက်ဆစ်နှင့် အမေရိကန်၊ ဘရက်ဆစ်နှင့် လန်ဒန်စတော့အိတ်ချိန်း၊ ဘရက်ဆစ်၏ အက်ကြောင်းများနှင့် နောက်ဆုံးအခြေအနေများကို သုံးသပ်ဆွေးနွေးပြောကြားသည်။
 
အကြီးတန်းသုတေသီ ဦးအေးမောင်ကျော်က “ဗြိတိန်က ဥရောပသမဂ္ဂကနေ ခွဲခွာမယ်ကိစ္စကို ၂၀၁၆ ခုနှစ်တုန်းက ပြည်သူဆန္ဒခံယူပွဲနဲ့ ဆုံးဖြတ်ထားတယ်။ ထောက်ခံမဲ ၅၁ ရာခိုင်နှုန်းကျော် ထောက်ခံထားကြတယ်။ ဒီကိစ္စက သုံးနှစ်လောက်ရှိပြီ။ ဝန်ကြီးချုပ်လည်း နှစ်ယောက် ပြောင်းသွားပြီး လက်ရှိဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အထိ ဘရက်ဆစ်က မအောင်မြင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥရောပဘက်က တောင်းဆိုချက်နဲ့ အင်္ဂလန်ဘက်က လိုလားချက်က မကိုက်ညီဘူး။ ယခင်ဝန်ကြီးချုပ်ထရီဆာမေ လက်ထက်တုန်းက သဘောတူညီချက်တွေလည်း ရှိတယ်။ ပါလီမန်က လက်မခံလို့ ထရီဆာမေ ထွက်သွားရပါတယ်။

ဥရောပဘက်က မလျော့ပေးဘူးဆိုရင် လက်ရှိဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဆွေးနွေးညှိနှိုင်းမှုမရှိဘဲ No deal အနေနဲ့ အောက်တိုဘာလ ၃၁ ရက်မှာ ထွက်သွားမယ်ဆိုပြီး အငြင်းအခုံတွေဖြစ်တယ်။ တချို့ကွန်ဆာဗေးတစ်တွေက No deal ဆိုတာ မကြိုက်တဲ့အတွက် အတိုက်အခံဘက်ကို ပြောင်းသွားကြတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ ရွေးကောက်ပွဲဖြစ်လာရင် ကွန်ဆာဗေးတစ် အနိုင်ရ မလားဆိုတာ မသေချာဘူး။ 

လေဘာပါတီအနိုင်ရရင်လည်း ဘရက်ဆစ် အောင်မြင်မလားဆိုတာလည်း မသေချာဘူး။ မသေချာမှုတွေ များနေပေမယ့် စောင့်ကြည့်ရမယ့်အချိန်က အောက်တိုဘာလ ၃၁ ရက်ဖြစ်တဲ့အတွက် မကြာတော့ပါဘူး။ ဒါပေမယ့် ဒီကိစ္စကို ဇန်နဝါရီလအထိ ရွှေ့ဖို့လည်း ရှိပါတယ်။

ဇန်နဝါရီလရောက်ရင် ဘရက်ဆစ်ကိစ္စကို နောင်တက်လာမယ့် အစိုးရအနေနဲ့  ဥရောပသမဂ္ဂနဲ့ ထပ်ညှိရမှာ ဖြစ်ပါတယ်။ ဒီလို ဘရက်ဆစ်ဖြစ်သွားရင် နိုင်ငံရေးအရ၊ စီးပွားရေးအရ တစ်ကမ္ဘာလုံးကို သက်ရောက်မှုတွေရှိနိုင်ပါတယ်။ ကျွန်တော်တို့က နိုင်ငံငယ်လေးတွေ ဖြစ်တဲ့အတွက် သူတို့ဆီက လေ့လာတဲ့သဘောပါ။ သူတို့ဆီကနေ သင်ခန်း စာရအောင်ပါ။ နိုင်ငံရေးလမ်းကြောင်းတွေ၊ ပါလီမန်စနစ်တွေ ဒါတွေသိရပါတယ်။ ဒါတွေကို ကောင်းတဲ့ဘက်ကနေ အသုံးချသွားမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံမှာလည်း အသုံးချလို့ ရပါတယ်”ဟု ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက ဘရက်ဆစ်နှင့်စပ်လျဉ်းသည့် ဆွေးနွေးမေးမြန်းကြရာ အကြီးတန်းသုတေသီ ဦးအေးမောင်ကျော်က ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က “ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနဲ့ ပြည်သူတွေကို အသိပညာ ဗဟုသုတ ဖြည့်ဆည်းပေးနိုင်ဖို့ အမြို့မြို့အနယ်နယ်မှာ ပြည်သူ့စာကြည့်တိုက်တွေ ဖွင့်လှစ်ဆောင်ရွက်နေတာအပြင်  ပြည်သူ့စကားဝိုင်းတွေကိုလည်း စီစဉ်ကျင်းပနေပါတယ်။ ကျွန်တော်ဌာနမှာရှိတဲ့ သုတေသနနဲ့  သတင်းအချက်အလက်ဌာနခွဲက မြန်မာရေးရာအပြင် ကမ္ဘာရေးရာတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာပြီး စာအုပ်၊ စာစောင်တွေ ထုတ်ဝေနေပါတယ်။ အဲဒီအတွက် ဌာနတွင်း ဆွေးနွေးပွဲငယ်လေးတွေအပြင် ယခုလို အများပြည်သူပါဝင်တဲ့ ဆွေးနွေးပွဲတွေလည်း ပြုလုပ်ပါတယ်။ ဒီနေ့ ခေါင်းစဉ်ကတော့ လက်ရှိကမ္ဘာမှာ ဖြစ်ပျက်နေတာကို ရွေးချယ်ထားတာပါ။ ဥရောပသမဂ္ဂက ဥရောပတိုက်က နိုင်ငံတွေနဲ့ စုဖွဲ့ထားသလို ကျွန်တော်တို့ နိုင်ငံကလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်နေတာဖြစ်လို့ အများကြီး အထောက်အကူ ဖြစ်မှာပါ။ ဆက်လက်ပြီးလည်း နေပြည်တော်နဲ့ ရန်ကုန်မှာ ဒိထက်ပိုမို ကောင်းမွန်တဲ့ အကြောင်းအရာနဲ့ ဆွေးနွေးပွဲတွေ ထပ်လုပ်သွားမှာပါ” ပြောကြားသည်။

ဆွေးနွေးပွဲအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြင့်မိုရ်က “ပုံမှန်အားဖြင့် အင်တာနက်သုံးရင် ဘရက်ဆစ်ဆိုပြီး တွေ့မြင်နေရတယ်။ သူတို့ ဘရက်ဆစ်ဖြစ်နေပြီ ဒီလောက်ပဲ သတိထားမိတယ်။ ဘရက်ဆစ်ဆိုတာ ဘယ်လိုကြောင့်ဖြစ်တာလဲ၊ ဘာတွေဖြစ်လာနိုင်သလဲဆိုတာမျိုး အသေးစိတ် မလေ့လာဖြစ်ပါဘူး။ ကျွန်မက နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့အတွက် ဒီလိုအကြောင်းအရာတွေ သိထားသင့်တယ်။ နိုင်ငံသားတွေရဲ့ နိုင်ငံတစ်နိုင်ငံအပေါ် ထားရှိတဲ့စေတနာ၊ နိုင်ငံရေးအပိုင်းကို ဘယ်လိုမြင်ကြသလဲ၊ စီးပွားရေးအပိုင်းကို ဘယ်လိုမြင်ကြသလဲ ဆိုတာ သိလာရတယ်။ ဆွေးနွေးတဲ့အခါမှာ ရှုထောင့်ပေါင်းစုံကာမိအောင် ဆွေးနွေးသွားတော့ အများကြီး ဗဟုသတရပါတယ်။ ဆွေးနွေးပွဲမှာ ဘရက်ဆစ်သာ ဖြစ်လာရင် မြန်မာနိုင်ငံအတွက် သွယ်ဝိုက်ပြီး အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အာဆီယံအဖွဲ့အစည်းအနေနဲ့ဆိုရင် စီးပွားရေး၊ နိုင်ငံရေးအရ နိုင်ငံတကာ ရပ်တည်မှုတစ်ခုရှိတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ မဟုတ်ဘဲ အာဆီယံအနေနဲ့ ဘရက်ဆစ်က ဘာတွေအကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲဆိုတာ မေးမြန်းဆွေးနွေးခဲ့ပါတယ်” ဟု ပြောသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအေးက “ယူကေရဲ့ ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံမှာ ခွင့်ပြုထားတဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၅ ဒသမ ၅၇ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပို့ကုန်တင်ပို့မှုမှာလည်း စုစုပေါင်းပို့ကုန်တင်ပို့မှုရဲ့ ဝ ဒသမ ဝ၃ ရာခိုင်နှုန်း ရှိနေတယ်။ ဒါကလည်း နည်းတဲ့ပမာဏ တစ်ရပ်လို့တော့ ပြောလို့မရပါဘူး။ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ Globalization Wave တွေမှာ နိုင်ငံအနေနဲ့ ဘယ်လိုအကျိုးသက်ရောက်မှုကို ဖြစ်လာနိုင်မယ်ဆိုတာကို ဖြည့်စွက်ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံက အဓိက အီးယူဈေးကွက်ကို တင်ပို့နေတဲ့ အထည်ချုပ် လုပ်ငန်းအပေါ်မှာ ဘယ်လောက်အထိ သက်ရောက်မှုရှိမလဲ၊ ဒါကိုအခြေခံစဉ်းစားပြီး တကယ်လို့ အီးယူက ယူကေထွက်ဖြစ်တယ်၊ မထွက်ဖြစ်ဘူးဆိုတဲ့ အခြေအနေအပေါ်မှာ စောင့်ကြည့်နားထောင်ပြီး ပြင်ဆင်ဖို့လိုတယ်လို့ ကျွန်မအနေနဲ့ သုံးသပ်ပါတယ်။ ဘယ်လို ကုန်ပစ္စည်းမျိုးတွေ၊ ဘယ်လိုလုပ်ငန်းမျိုးတွေ အပေါ်မှာထိခိုက်မလဲဆိုတဲ့ အသေးစိတ် လေ့လာဆန်းစစ်မှုတွေ ထပ်ပြီးဆောင်ရွက်နေရမှာဖြစ်ပါတယ်”ဟု ပြောသည်။ 

သတင်းစဉ်