ဘန်ဒါဆီရီဘီဂါဝန် ဇွန် ၁၆
ဘရူနိုင်းနိုင်ငံသည် နိုင်ငံအတွင်း ၃၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနှင့်ပတ်သက်ပြီး သဘောတူညီချက်များကို လက်မှတ်ရေး ထိုးလိုက်ပြီဖြစ်ကြောင်း ဘရူနိုင်းနေ့စဉ်ထုတ် Borneo Bulletin သတင်းစာ၌ ဇွန် ၁၅ ရက်တွင် ဖော်ပြထားသည်။
နိုင်ငံ၏ မြို့တော် ဘန်ဒါဆီရီ ဘီဂါဝမ်အနီးတွင် တည်ဆောက်မည့် အဆိုပါစီမံကိန်းသည် ဘရူနိုင်း နိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်လာဖွယ်ရှိနေ သည်။ ထို့အပြင် အဆိုပါ စီမံကိန်းသည် အစိုးရဦးဆောင်မည့် နေရောင်ခြည်စွမ်းအင် ထုတ်လုပ် ရေးစက်ရုံကြီးဖြစ်ပြီး အများပြည်သူနှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်မည့် ပထမဆုံးသော အကြီးစားနေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းကြီးလည်း ဖြစ်သည်။
ယင်းစီမံကိန်းသည် ဘရူနိုင်းနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင် ပေးမည်ဖြစ်ပြီး ၂၀၃၅ ခုနှစ်အရောက်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၃၀ ရာခိုင်နှုန်းအထိ ရောက်ရှိရေးပန်းတိုင်ကိုလည်း ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။
ဆင်ဟွာ