မေ ၂၅
ဘရူနိုင်းနိုင်ငံ၏ နောက်ဆုံးခန့်မှန်းတွက်ချက်ထားသည့် လူဦးရေစာရင်းတွင် ၂၀၂၂ ခုနှစ်အတွက် လူဦးရေ ၄၄၅၄၀၀ ရှိကြောင်း အစိုးရက ယမန်နေ့ကပြောကြားထားသည်။
၂၀၂၁ ခုနှစ်က လူဦးရေ ၄၄၀၇၁၅ ဦးနှင့်နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်လူဦးရေသည် ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု သိရသည်။
ဘဏ္ဍာရေးနှင့်စီးပွားရေးဝန်ကြီးဌာနရှိ စီးပွားရေးစီမံကိန်းနှင့်စာရင်းအင်းဌာနကထုတ်ပြန်သော ၂၀၂၂ ခုနှစ် လူဦးရေခန့်မှန်းတွက်ချက်မှုအရ ဘရူနိုင်းနိုင်ငံသားဦးရေသည် စုစုပေါင်းလူဦးရေ၏ ၇၆ ဒသမ ၀ ရာခိုင်နှုန်း( ၃၃၈၃၀၀ )ရှိသည်။ နိုင်ငံအတွင်းအမြဲနေထိုင်သူဦးရေသည် ၅ ဒသမ ၈ ရာခိုင်နှုန်း ( ၂၅၈၀၀ )ရှိပြီး ယာယီနေထိုင်သူဦးရေသည် ၁၈ ဒသမ ၃ ရာခိုင်နှုန်း (၈၁၃၀၀ )ရှိသည်။
၂၀၂၂ ခုနှစ် လူဦးရေစာရင်းတွင် အမျိုးသားဦးရေ ၂၃၅၀၀၀ ( ၅၂ ဒသမ ၈ ရာခိုင်နှုန်း)နှင့် အမျိုးသမီးဦးရေ ၂၁၀၄၀၀ ( ၄၇ ဒသမ ၂ ရာခိုင်နှုန်း) ဖော်ပြထားသည်။
ဘရူနိုင်းနိုင်ငံတွင် မလေးရှားလူမျိုးသည် စုစုပေါင်းလူဦးရေ၏ ၇၃ ဒသမ ၅ ရာခိုင်နှုန်း ( ၃၂၇၃၀၀ )၊ တရုတ်လူမျိုးသည် ၉ ဒသမ ၅ ရာခိုင်နှုန်း ( ၄၂၃၀၀ )နှင့် အခြားလူမျိုး ၁၇ ဒသမ ၀ ရာခိုင်နှုန်း ( ၇၅၈၀၀ )တို့အသီးသီးရှိကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို