လွိုင်ကော် ၃၁ ဇူလိုင် 

 

ကယားပြည်နယ်လွှတ်တော်တွင် ဘတ်ဂျက်စိစစ်ကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး အတွက် International IDEA ၏ စီမံကိန်းတစ်ခုဖြစ်သည့် Support Hluttaw Works on Effective Budget Oversight (SHWEBO) က ဇူလိုင် ၃၀ ရက်တွင် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ကျင်းပခဲ့ရာ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေး ဦးဆောင်ပြီး တက်ရောက်ဆွေးနွေးခဲ့သည်။

 

ဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးလှထွေးက အဖွင့်အမှာစကားပြောကြားပြီး  ယခုအလုပ်ရုံဆွေးနွေးပွဲသည် လွှတ်တော်ဘတ်ဂျက် ကြီးကြပ်စိစစ်မှုလုပ်ငန်းများကို ပိုမိုထိရောက်လာစေရန် အတွက်  SHWEBO စီမံချက်က ပံ့ပိုးကူညီခြင်းဖြစ်ကာ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီဝင်များနှင့် ကယားပြည်နယ်လွှတ်တော် ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ 

 

ဆွေးနွေးပွဲတွင် တက်ရောက်သူများက ယခင် ၅ နှစ်တာကာလအတွင်း တွေ့ကြုံခဲ့ရသည့် ဘတ်ဂျက် စိစစ်ကြပ်မတ်မှုများနှင့် သက်ဆိုင်သည့် အချက်အလက်များကို အခြေခံကာ လိုအပ်သည်များကို အတူတကွ ဖလှယ်ခဲ့ကြခြင်းဖြစ်သည်။ 

 

ယခုအလုပ်ရုံဆွေးနွေးပွဲသည် ရှေ့ဆက်ဆောင်ရွက်မည့် ပံ့ပိုးမှုလုပ်ငန်းများ၏ ခြေလှမ်းအစဖြစ်ကာ ဘတ်ဂျက်စိစစ်မှုများတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအတွက် အလားအလာရှိသော ရလဒ်များထွက်ပေါ်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ 

 

နောက်ဆက်တွဲ အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လကုန်ပိုင်းခန့်တွင် ကျင်းပနိုင်ရန်လည်း သဘောတူညီမှု ရရှိခဲ့ပြီး  SHWEBO စီမံကိန်းအတွက် ဥရောပသမဂ္ဂနှင့် ယူကေနိုင်ငံတကာဖွံဖြိူးရေးဌာနတို့က ထောက်ပံ့ကူညီပြီး ယခုအလုပ်ရုံဆွေးနွေးပွဲကို မော်လမြိုင်မြို့ အခြေစိုက် Point B Design + Training က ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ 

 

ကျော်ဆုမွန်