မိုးညို ၂၀ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဇီးပင်အုပ်စု၊ ဘုံလုံးအိုင်ကျေးရွာရှိ ရတနာမာန်အောင် ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်ဆက်ကပ်တင်လှူပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီ မိနစ် ၂၀ က ကျင်းပရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သာယာဝတီခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ မိုးညိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းနှင့် ဦးဝင်းကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့သည်။
ရတနာမာန်အောင် ဆုတောင်းပြည့် စေတီတော် ထီးတော်တင်ပွဲ အခမ်းအနားကို နံနက် ၇ နာရီခွဲတွင် ဖွင့်လှစ်ခဲ့ပြီး တရားတော်နာယူခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သာသနာရေး ဆိုင်ရာများအား လျှောက်ထားခြင်း၊ ရေစက်ချ အမျှပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကာ ဝန်ကြီးချုပ်မှဦးဆောင်၍ ရွှေထီးတော် ဆက်ကပ်တင်လှူ ပူဇော်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးပင်အုပ်စု၊ ဘုံလုံအိုင်ကျေးရွာ တောင်သူဦးဇော်လင်း၏ ကုလားပဲမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် (ဝ.၂၅)ဧက၊ ပဲပုပ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် (ဝ.၂၀)ဧက၊ တောင်သူဦးလှဝင်း၏ ပဲတီစိမ်းစိုက်နည်း စနစ်စမ်းသပ်ကွက်များ၊ တောင်သူဦးလှမြင့်၊ ဦးဌေးဝင်း၊ ဦးဇော်လင်းတို့၏ ဆောင်းနေကြာစံပြကွက် (၈)ဧက၊ တောင်သူဦးလှဝင်း၏ ပဲတီစိမ်းမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် (၁)ဧကတို့ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
ကိုမင်း(မိုးညို)