ဘုန်းမောက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် ချယ်လ်ဆီး

၃၁ ဇန်နဝါရီ


ပရီမီယာလိဂ် ပွဲစဉ် (၂၄) ပွဲများကို ကြာသပတေးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဘုန်းမောက်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းက လေးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။ 


အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင် ကစားခဲ့သည့် ချယ်လ်ဆီး အသင်းမှာ ပထမပိုင်းတွင် ဘုန်းမောက်အသင်းဘက်ကို ဖိအာပေးကစားနိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ဘုန်းမောက် နောက်ခံ ကစားသမားများနှင့် ဂိုးသမားတို့ လက်စွမ်းပြမှုတွေကြောင့် ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ် နေခဲ့သည်။ 


ဒုတိယပိုင်းအစ ပွဲချိန် ၄၇ မိနစ်တွင် အိမ်ရှင် ဘုန်းမောက်အသင်း ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ယင်းဂိုးကို ဂျိုရူအာကင်းက သွင်းယူခဲ့သည်။ ဦးဆောင်ဂိုး ရရှိပြီးနောက်တွင် ဘုန်းမောက်အသင်း ပုံစံကောင်းပြသကာ ချယ်လ်ဆီးအသင်းကို ဖိအာပေးကစားရာမှ ပွဲချိန် ၆၃ မိနစ်တွင် ဘရွတ်ခ်၊ ၇၃ မိနစ်တွင် ဂျိုရူအာကင်းနှင့် မိနစ် ၉၀ တွင် ဒန်နီယဲလ်စ်တို့က ဂိုးများထပ်မံသွင်းယူနိုင်ခဲ့ပြီး ချယ်လ်ဆီး အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ 


ချယ်လ်ဆီးအသင်းမှာ ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ယခင် အဆင့်(၄)နေရာတွင် ရပ်တည် နေရာမှ အာဆင်နယ် အသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့် (၅)နေရာကို တန်းဆင်းပေးခဲ့ရသည်။


ပရီမီယာလိဂ် ပွဲစဉ်(၂၄)ရလဒ်များ


ဘုန်းမောက် ၄ - ဝ ချယ်လ်ဆီး


ဆောက်သမ်တန် ၁ - ၁ ခရစ္စတယ်ပဲလေ့စ်


လီဗာပူး ၁ - ၁ လက်စတာ


စပါး ၂ - ၁ ဝက်ဖို့ဒ်


MDN