လားရှိုး၊ ၁၈ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် နမ့်တွန်းကျေးရွာအုပ်စု၊ ဘုံမွန်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး အခြေအနေများကို ဇွန်လ ၁၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကြည်စောနှင့် လားရှိုးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မော်သန်း၊ လားရှိုးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးတင်အောင်လွင်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ဘုံမွန်ကျေးရွာများ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါကျေးရွာတွင် လမ်းအရှည် ပေ ၈၀၀ ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေကျပ် ၁၀ သန်း၊ ကျေးရွာပြည်သူများထည့်ဝင်ငွေကျပ် ၄ ဒသမ ၁၅သန်း၊ စုစုပေါင်း ငွေကျပ် ၁၄ ဒသမ ၁၅သန်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်


