ကျောင်းကုန်း ၇  အောက်တိုဘာ

 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်မည့် ဘုရားကြီးကုန်း- မကျီးချောင်- ကြာဂရက် တံတားသည် အရှည် ပေ(၁၀ဝ)၊ အကျယ်ပေ (၂၀)၊ ရေလမ်းကင်းလွတ်နယ်မြေ(၆)ပေဖြင့် တည်ဆောက်မည်ဖြစ်၍ ဓဒသခံများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက စာဖြူစုခရစ်ယန်ကျောင်း၌ ကျင်းပခဲ့သည်။

 

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက “ဒီဒေသဟာ သွားရေးလာရေးခက်ခဲသော ဒေသဖြစ်သဖြင့် တံတားမကောင်း၊ လမ်းမကောင်းရာကနေ ယခုတံတားအသစ်ကြီး တည်ဆောက်ပြီးစီးပါက သီးနှံထွက်ကုန် ရောင်းချရန် လွယ်ကူသွားမည်ဖြစ်ပါတယ်” ဟု  ပြောကြားခဲ့သည်။

 

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း က မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို မိမိတို့ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေး အခြေခံဖြစ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို စဉ်ဆက်မပြတ် ကူညီဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

 

 

ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်စိန် က မိမိတို့၏ သားသမီးများကို အခြေခံပညာပြီးဆုံးအောင် သင်ကြားပေးစေချင်ကြောင်း ပြေကြားခဲ့ပြီး၊ အ.မ.က မကျီးချောင် ကျောင်းသားကျောင်းသူ (၂၂)ဦးအတွက် ကျောင်းဝတ်စုံ ပေးအပ်လှူဒါန်းခဲ့သည်။

 

 

မြို့နယ်ကျေးလက်ဦးစီးမှူး ဦးခင်ဇော် က လက်ရှိတံတားထက် အမြင့် သုံးပေ မြှင့်လျှင် ဒေသခံများ သဘောတူသလား၊ သဘောတူလျှင် တံတားဒီဇိုင်း ပြန်လည်ရေးဆွဲရမှာဖြစ်ကြောင်း ပြောကြားပြီး၊ ဒေါင့်ကြီးနယ်မြေစခန်းမှူး ဒုရဲမှူးခင်မောင်ဦးက တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး ပညာပေးဟောပြောခဲ့သည်။

 

 

မြို့နယ်ကျေးလက်လမ်းဦးစီးဌာန တာဝန်ခံ ဒေါ်ဆုသီရိမွန် က ယခုတည်ဆောက်မည့် တံတားသည် မကျီးချောင်အုပ်စု စာဖြူစုကျေးရွာနှင့် ဆောက်အိုင်အုပ်စု ကျီးအိုင်ကျေးရွာတို့ ဆက်သွယ်မည့်တံတား ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ သုံးပေမြှင့်လျှင် ချဉ်းကပ်လမ်းအတွက် မြေဖို့ကြရမှာဖြစ်တဲ့အတွက် လက်ရှိအတိုင်းသာဆိုလျှင် လေးပေမြင့်လာမှာဖြစ်လို့ ယခင်အတိုင်းသာ တည်ဆောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒေသခံအားလုံး သဘောတူခဲ့ကြကြောင်း သိရသည်။

 

 

ဝင်းကြိုင်(ပြန်/ဆက်)

 

1