ဘုရားဖူးယာဉ် ယူကလစ်ပင်ဝင်တိုက်ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး လူ ၂၀  ဒဏ်ရာရ

ချောက် ၂၈ ဇန်နဝါရီ

 

ချောက်မြို့နယ်၊ချောက်-ဂွေးချိုကားလမ်းတွင် ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက ဘုရားဖူးယာဉ်တစ်စီး လမ်းဘေးသစ်ပင်ဝင်တိုက်မိ၍ အမျိုးသမီး(၁)ဦး သေဆုံးခဲ့ပြီး ကျား(၇)ဦး၊မ(၁၃)ဦး စုစုပေါင်း(၂၀)ဦး ဒဏ်ရာအသီးသီး ရရှိခဲ့ကြောင်း ချောက်မြို့မရဲစခန်းမှ သိရသည်။ 

 

ယင်းနေ့ နံနက်(၃)နာရီအချိန်က ချောက်-ဂွေးချိုကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ချောက်မြို့မရဲစခန်းမှ ဒုရဲအုပ် အုန်းကျော်ဌေး သွားရောက်စစ်ဆေးခဲ့ရာ ချောက်-ဂွေးချိုကားလမ်း၊မိုင်တိုင်အမှတ် ၃၉၉/၂-၃ ကြား ဆင်ကကျေးရွာအနီးတွင် ဂွေးချိုဘက်မှ ချောက်ဘက်သို့ ဘုရားဖူးအပြန် ဇော်ဟိန်း မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ကျား(၇)ဦး၊မ(၁၄)ဦးပေါင်း(၂၁)ဦး လိုက်ပါလာသော ယာဉ်သည် လမ်းယာဘက်ခြမ်းရှိ ယူကလစ်ပင်အား ဝင်ရောက်တိုက်မိသဖြင့် ယာဉ်ပေါ်လိုက်ပါလာသူ ဒေါ်မိုးကောင်းတွင် ပါးစပ်သွေးထွက်ဒဏ်ရာ(သေဆုံး)၊ စလင်းမြို့နယ်နေ ကျား(၇)ဦး၊မ(၁၃)ဦး စုစုပေါင်း(၂၀)ဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့ပြီး (စိုးရိမ်ရ)လူနာ(၆)ဦးပါဝင်ကြောင်း အမှုစစ်၏ ကနဦးစစ်ဆေးချက်အရ သိရသည်။

 

ဖြစ်စဉ်နှင့်ပက်သက်၍ ယာဉ်မောင်း ဇော်ဟိန်းအား ချောက်မြို့မရဲစခန်းမှ အမှုဖွင့်ထားသည်။  

 

ကျော်ဇေယျ