ဘုရင့်ညီနောင်ရတနာလိုဏ်ဂူ ဘုရားဖူးဧည့်သည်များဖြင့် စည်ကားနေ

ဘားအံ ၁၂ ဖေဖော်ဝါရီ


ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်မြစ်အနောက်ဘက်ကမ်း သံလွင်မြစ်နှင့် ဒုံသမိမြစ်ကြား ဘားအံမြို့မှ ၃၀ ကီလိုမီတာ အကွာရှိပြီးမော်တော်ကားဖြင့် နာရီဝက်ခရီးတွင် ပြည်တွင်းပြည်ပ ခရီးသွားဘုရားဖူးဧည့်သည်များ နေ့စဉ်ဝင်ထွက်သွားလာ၍ စည်ကားနေသော ဘုရင့်ညီနောင် ရတနာလိုဏ်ဂူဘုရား တည်ရှိလေသည်။ ဂူဘုရား၏ အနီးပတ်ဝန်းကျင်တွင် ပိုးကရင်၊စကောကရင်၊ မွန်နှင့် မြန်မာလူမျိုးများ အခြေစိုက်နေထိုင်ကြပြီး အမြင့်ပေ ၄၀ဝ ခန့်ရှိသော ဘုရင့်ညီနောင်တောင်တွင် ဘုရင့်ညီနောင်ရတနာ လိုဏ်ဂူဘုရား တည်ရှိ၍ မြန်မာသက္ကရာဇ် (၄၁၉)နှစ် (အေဒီ-၁၀၅၇) အနော်ရထာမင်း လက်ထက်သထုံပြည်ကို တိုက်ခိုက်သိမ်းယူ ချိန်တွင် သထုံမနူဟာမင်းကြီး၏ သားတော်နှစ်ပါးဖြစ်သော သီဟကုမ္မာရနှင့် စိတ္တကုမ္မာရတို့ ရှောင်တိမ်း ထွက်ပြေးခိုလှုံရာမှ အစွဲပြု၍ ဘုရင့်ညီနောင်လိုဏ်ဂူဟုအမည်တွင်လေသည်။

 

ဘုရင့်ညီနောင်လိုဏ်ဂူတော်သည် ရှေးကျသော လိုဏ်ဂူတော်တစ်ခုဖြစ်သည်နှင့်အညီ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ကိန်းဝပ်စံပယ်လျက်ရှိပြီး နှုတ်စကား၊ ပုံပြင်ဒဏ္ဍာရီများနှင့် လိုဏ်ဂူတော်အတွင်းနှင့် အပြင်တို့တွင် စေတီတော်နှင့်ရုပ်ပွားတော်များ၊ ရှေးဟောင်း ဂဝံအုတ်ချပ်ကြီးများ၊ လက်ရေးစင်းအမှတ်အသား ပါသော အုတ်ချပ်ကြီးများ၊ ရှေးဟောင်းရုပ်ပွားတော်များနှင့် ကျောက်ကပ်အုတ်ခွက်ဘုရားများကို တွေ့ရှိနိုင်ကာ ရှေးဟောင်းဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ကိန်းဝပ်နေသောရတနာလိုဏ်ဂူတော်အဖြစ် သတ်မှတ်နိုင်ကြောင်း သိရသည်။

 

ဂူဘုရား၏အောက်ခြေတွင် နွေ၊ မိုး၊ ဆောင်းအဆက်မပြတ် စီးဆင်းနေသော သဘာဝရေပူစမ်း ပေါက်ကြီးနှင့် ရေအေးစမ်းပေါက်တို့ ထွက်ရှိပြီးရေပူစမ်းနှင့် ရေအေးစမ်းတို့မှရေများသည် ရောနှောခြင်းမရှိ တစ်ခြမ်းစီထွက်ရှိ စီးဆင်းနေကာ ကွန်ကရစ်ရေကန်များဖြင့် ကာရံထား၍ ရေချိုး၊ ရေကူးနိုင်သကဲ့သို့ အရေပြားရောဂါများ၊ ပွေး၊ ဝဲ၊ဒက်အစရှိသည့် ယားနာဝေဒနာများ၊ အက်ကွဲပေါက်ပြဲနာ၊ အနာကြီးရောဂါ၊ ညောင်းညာကိုက်ခဲ၊ စိတ်ဖိစီးသည့် ရောဂါဝေဒနာများအား သက်သာပျောက်ကင်းနိုင်ကြောင်း သိရသည်။

 

ဘုရင့်ညီနောင် ရတနာလိုဏ်ဂူဘုရား၏ အဝင်မုခ်ဦးသည် ဘားအံ-သထုံ ကားလမ်းဘေးတွင်တည်ရှိ၍ မော်တော်ကား၊ မော်တော်ဆိုင်ကယ်တို့ဖြင့် အထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပြီး အနည်းငယ်ဝင်လိုက်ပါက ပြည်လုံးကျွတ်အေးချမ်းဓမ္မာရုံသို့ ရောက်ရှိမည်ဖြစ်ရာ ကျယ်ဝန်းသည့် ကားရပ်နားစခန်းနှင့်အတူ ဘုရားဖူးခရီးသွား ဧည့်သည်များ စားသောက်အနားယူနိုင်ရန် ဈေးဆိုင်တန်းများတွင် သန့်ရှင်းလတ်ဆတ်သည့် ဒေသထွက်အစားအသောက်များ၊ မုန့်များ၊ ယိုစုံများကို ဝယ်ယူစားသောက်နိုင်သကဲ့သို့ ခြေကျင်ဖြင့် ဂူဘုရားသို့ အသွားလမ်းတွင် ကရင်တိုင်းရင်းသား ရိုးရာအဝတ်အထည်များ ရောင်းချသည့် ဈေးဆိုင်ခန်းများကိုလည်း တွေ့ရှိရမည်ဖြစ်သည်။

 

ထိုမှတစ်ဖန် ကိုက် ၅၀ဝ ခန့် လမ်းလျှောက်သွားပါက ဂူဘုရား၏အခြေ သဘာဝရေပူစမ်းနှင့် ရေအေးစမ်းပေါက်တို့မှထွက်ရှိသည့် ရေပူနှင့် ရေအေးတို့အား သိုလှောင်ထားသည့် ရေချိုးကန်များသို့ ရောက်ရှိမည်ဖြစ်ပြီး ခရီးသွားဘုရားဖူးဧည့်သည်များ ရေချိုး၊ ရေကူးနိုင်မည်ဖြစ်ကာလိုဏ်ဂူတော်တည်ရှိရာ ဘုရင့်ညီနောင်တောင်သို့ လှေကားထစ်များဖြင့် တက်ရောက်ရမည်ဖြစ်သည်။

 

ထိုသို့ လှေကားထစ်များအတိုင်း တက်ရောက်သွားပါက သာသနိကအဆောက်အအုံများနှင့် နှစ်ကျိပ်ရှစ်ဆူသော စေတီတော်များအပါအဝင် စေတီတော်များအား ဖူးမြော်ကြည်ညို၍ လိုဏ်ဂူတော်အဝင်ဝသို့ ရောက်ရှိမည်ဖြစ်ပြီး လိုဏ်ဂူတော်အတွင်း၌ ထူးခြားသောပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ကျောက်ခတ်ပန်းဆွဲများ၊ ရှေးဟောင်းရုပ်ပွား ဆင်းတုတော်များအား ဖူးမြော်ကြည်ညိုရမည်ဖြစ်ကာ အတွင်းသို့ ကွန်ကရစ်လူသွားလမ်း အတိုင်း ပေ ၆၀ဝ ခန့် ဝင်သွားပါက လိုဏ်ဂူအဆုံးတွင်အမြင့် သုံးပေခန့်ရှိ ပလ္လင်အုတ်ခုံတော်ပေါ်တွင် ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူခြံရံလျက် ဆုတောင်းပြည့်စေတီတော်ကို ဖူးမြော်ရမည်ဖြစ်သည်။

 

ဘုရင့်ညီနောင် ရတနာလိုဏ်ဂူဘုရားသို့ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား ဧည့်သည်များ နေ့စဉ် ဝင်ထွက်သွားလာလျက်ရှိပြီး ပျမ်းမျှခြင်းအားဖြင့် တစ်နေ့လျှင်ဘုရားဖူးဧည့်သည် ၃၀ဝ မှ ၄၀ဝ ခန့် လာရောက်ကြကြောင်းနှင့် အစိုးရရုံးပိတ်ရက်များ၊ ကျောင်းပိတ်ရက်များ၊ နေ့ကြီးရက်ကြီး၊ အခါကြီး ရက်ကြီးများတွင် ဘုရားဖူးဧည့်သည်များ ပိုမိုများပြားစွာလာရောက်ကြကြောင်း အဆိုပါ ဂူဘုရားတွင် သီတင်းသုံးသည့် ဆရာတော်ကြီးတစ်ပါးက မိန့်ကြားသည်။

 

ဘုရင့်ညီနောင် ရတနာလိုဏ်ဂူဘုရားသည် ကရင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုအနေဖြင့် ဘားအံမြို့၊ သထုံမြို့တို့နှင့် နီးကပ်စွာတည်ရှိနေခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ အေးချမ်းသာယာ၍ သမိုင်းဝင် အမွေအနှစ်များအလွယ်တကူ လေ့လာနိုင်ခြင်း၊ ပတ်ဝန်းကျင်ဒေသများမှ တိုင်းရင်းသားများ၏ ယဉ်ကျေးဖော်ရွေခြင်းတို့ကြောင့် သွားလာလည်ပတ် ဘုရားဖူးအပန်းဖြေရန် အကောင်းဆုံး ရှေးဟောင်းသမိုင်းဝင် ရတနာလိုဏ်ဂူဘုရားဖြစ်ကြောင်း သိရသည်။


စောမျိုးမင်းသိန်း (ပြန်/ဆက်)