ရှင်နော်၊ ဓာတ်ပုံ - ဖူးပြည့်

 

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ကြီးဟာ အခုအခါမှာဆိုရင် အလုပ်အကိုင် ရှာဖွေသူများ၊ ဈေးကွက်ရှာဖွေသူများရဲ့ မျက်စိကျစရာ နေရာတစ်နေရာအဖြစ် ပြောင်းလဲလာ လျက်ရှိပါသည်။ သန်းနှင့်ချီ သော လူဦးရေကို ပိုင်ဆိုင်ထားမှု၊ မိသားစု (သို့) လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ဝင်ငွေမြင့်တက်လာမှု၊ အလုပ်အကိုင်နေရာသစ်များ ပေါ်ထွက်လာနေမှု၊ ၂၄ နာရီ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုတို့ကြောင့် ရန်ကုန်မြို့တော်ကို စိတ်ဝင်စားစရာ ဈေးကွက်နယ်ပယ်သစ်တစ်ခုအဖြစ် စီးပွားရေးသမားများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလုပ်ကိုင်သူများက ရှုမြင်လာကြသည်။


ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားခြင်း နှင့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ အများအပြား တည်ရှိနေခြင်းက ရန်ကုန်မြို့တော်ကို ကမ္ဘာ့မျက်နှာစာသစ်တွင် နေရာရယူနိုင်ရန် တွန်းအားများပင်ဖြစ်သည်။ ရန်ကုန်မြို့တော်ကို ကမ္ဘာ့အဆင့်မီ မြို့ကြီးတစ်မြို့အဖြစ် ပြောင်းလဲ တည်ဆောက်လျက်ရှိရာ မကြာမီဖြစ်ပေါ်လာတော့မည့် ကမ္ဘာ့အဆင့်မီ မြို့ကြီးတစ်မြို့တွင် အသုံးပြုမည့် လူ့အသုံး အဆောင်ပစ္စည်းများကို စတင်မိတ်ဆက် ထိတွေ့ပေးနိုင်ရန် ဈေးကွက်စီးပွားရေးမျက်စိ ရှိသော ပြည်ပရင်းနှီးမြှုပ်နှံလိုသူများက ကြိုးစားလာကြသည်။


ပြပွဲကြီးများမှ ဝယ်ယူနိုင်ပြီဖြစ်


တစ်ချိန်က ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမတွင် ရံဖန်ရံခါ ကျင်းပလေ့ရှိသော ပညာရေး၊ ကျန်းမာရေး၊ အဆောက်အအုံပြပွဲများသည် ယခုအခါ မြန်မာကွန်ဗင်းရှင်းစင်တာ၊ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၊ မြန်မာအိတ်စပို့စသော ပြပွဲများပြသရန် သီးသန့်စီစဉ်ထားသော နေရာများတွင် ရက်သတ္တပတ်မခြား ခမ်းနားထည်ဝါစွာ ခင်းကျင်းပြသလာကြသည်။ ယခင်က ကြွေထည်ပစ္စည်းများ၊ စတီးပစ္စည်းများကိုသာ ထိတွေ့ခွင့်ရခဲ့သော ရန်ကုန်နေ ပြည်သူတို့အဖို့ ယခုအခါ ကမ္ဘာအရပ်ရပ်မှ ပြုလုပ်ဖြန့်ချိလျက်ရှိသော လူ့အသုံးအဆောင် ပစ္စည်းအမျိုးမျိုးကို တစ်ပြည်တစ်ရွာ တစ်နိုင်ငံသို့ မှာစရာမလိုတော့ဘဲ ရန်ကုန်မြို့ရှိ ပြပွဲကြီးများ၊ ကုမ္ပဏီများမှ ဝယ်ယူအသုံးပြု နိုင်ပြီဖြစ်သည်။


တိုးတက်ပြောင်းလဲလျက်ရှိသောခေတ်နှင့်အညီ တိုင်းသူပြည်သားတို့၏ အတွေးအမြင် ဗဟုသုတတို့ကလည်း လိုက်ပါပြောင်းလဲရန်လိုအပ်သည်။ နိုင်ငံတကာပြပွဲကြီးများ လာရောက် ခင်းကျင်းပြသမှုကို ကြိုဆိုရမည် ဖြစ်သလို အပြုသဘောဆောင်ကာ အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးရန်လည်း လိုအပ်သည်။ အခြေအနေ အကြောင်းအရာ အရပ်ရပ်တို့က ခေတ်နှင့်အညီ ခေါင်းစဉ် အမျိုးမျိုးပြောင်းလဲကာ ဖွံ့ဖြိုးတိုးတက်မှု နောက်သို့ အစဉ်လိုက်လျက်ရှိသည်ကို သတိမူ သင့်သည်။ ရေမြေခြားကာ ရောက်ရှိလာသော ပြပွဲကြီးများသို့ ဗဟုသုတအလို့ငှာ သွားရောက် လေ့လာသင့်သည်။


ခရီးသွားလုပ်ငန်းမျိုးစုံ


အသွင်သဏ္ဌာန်မျိုးစုံဖြင့် ကမ္ဘာအနှံ့ လှည့်လည်နေသော စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍ နှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးဇော်အေးမောင်က “ခရီးသွား လုပ်ငန်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဂျီဒီပီတက်ဖို့အတွက် အင်မတန်မှအရေးကြီးတဲ့ အခန်း ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာမှာ ရိုးရိုးသာမန် ခရီးသွားတယ်ဆိုတာထက် အားကစားဆိုင်ရာ ခရီးသွားလုပ်ငန်း၊ ပညာရေးဆိုင်ရာ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်း၊ ဆေးဝါးကုသရေးဆိုင်ရာ ခရီးသွားလုပ်ငန်း၊ အနုပညာလုပ်ငန်းဆိုင်ရာ ခရီးသွားလုပ်ငန်း၊ ပန်းချီဆိုင်ရာ ခရီးသွားလုပ်ငန်း၊ အစားအသောက်ဆိုင်ရာ ခရီးသွား လုပ်ငန်းဆိုပြီး ခရီးသွားလုပ်ငန်းတွေက အလွန် ကျယ်ပြန့်သွားပြီ။ ကျွန်တော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက သူ့နိုင်ငံရဲ့ ဝင်ငွေအမြင့်ဆုံးထဲမှာပါတယ်။ ဒီလိုပဲ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိက ခရီးသွား လုပ်ငန်းတွေကို နိုင်ငံတော်အစိုးရကိုယ်တိုင်က ပံ့ပိုးပေးနေတယ်” ဟု အောက်တိုဘာ ၃၁ ရက် က မြန်မာအိတ်စပို့တွင် ကျင်းပခဲ့သော နိုင်ငံတကာစားသောက်ကုန်နှင့် ဟိုတယ် လုပ်ငန်းသုံးပစ္စည်းများ ပြသသည့် ကုန်စည် ပြပွဲတွင် ပြောကြားခဲ့သည်။

 

mdn


ပြည်သူလူထု အလုပ်အကိုင်ရမယ်


ထို့အပြင် တိုင်းဒေသကြီးဝန်ကြီးက ပုဂ္ဂလိကလုပ်ငန်းရှင်များ လုပ်ကိုင်ဆောင်ရွက် နေရမှုနှင့် ပတ်သက်၍ “ကျွန်တော်တို့နိုင်ငံမှာ ဆိုရင် ဒီပွဲကိုစီစဉ်တဲ့သူတွေ၊ ပံ့ပိုးပေးတဲ့ကုမ္ပဏီ တွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်တောင် နည်းနည်း သိမ်ငယ်သွားတယ်။ ဒီကိုဝင်လာတာ၊ ဒါငါတို့ အစိုးရလုပ်ရမယ့် အလုပ်တွေ၊ နိုင်ငံတော်က လုပ်ရမယ့်အလုပ် တွေ၊ ဘာနဲ့တူနေလဲဆိုတော့ ကိုယ်တို့လုပ်ရမယ့်အလုပ်ကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကလုပ်တော့ ကိုယ့်ကိုယ်ကိုယ် တောင် နည်းနည်းရှက်တယ်။ ဒါ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပြောပြတာ။ နိုင်ငံတော်က ဘတ်ဂျက်ပြဋ္ဌာန်းပြီးတော့ လုပ်မှ ဒီလုပ်ငန်း ကြီး တိုးတက်မှာ၊ ဒီလုပ်ငန်းကြီးတိုးတက်မှ ပြည်သူလူထု အလုပ်အကိုင်၊ အခွင့်အလမ်း ရလာမယ်၊ နိုင်ငံတော်က ဘတ်ဂျက်ရမယ်၊ ဝမ်းသာစရာကောင်းတာတော့ အရင်က ဘတ်ဂျက်ရေးဆွဲရင် တစ်နိုင်ငံလုံး ဂျီဒီပီရဲ့ ငါးရာခိုင်နှုန်းထက်မပိုသော သုံးငွေပဲ သုံးခွင့် ပေးတယ်။ ဒါပေမယ့် ဒီနှစ် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှာ ဂျီဒီပီ ၅ ဒသမ ၆၄ ရာခိုင်နှုန်း ပေးထားတဲ့အတွက် ဘတ်ဂျက်တော်တော် များများကို ပြဋ္ဌာန်းပေးထားပါတယ်” ဟု ပြောသည်။


နိုင်ငံတကာပြပွဲကြီးများ ကျင်းပခြင်းအားဖြင့် နိုင်ငံတကာဆက်ဆံရေး တိုးတက်လာ နိုင်မှုနှင့်ပတ်သက်၍ ဆက်လက်ပြောကြားရာတွင် “ဒီနေ့ ကျွန်တော်ဝမ်းသာတာက နိုင်ငံပေါင်း ၁၄ နိုင်ငံက ကုမ္ပဏီပေါင်း ၂၀၀ ကျော် လာပြီးပြသတယ်။ ပြသတဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းအားလုံးအတွက် အဆက် အသွယ်ရသွားမယ်။ လောကကြီးမှာ စီမံခန့်ခွဲမှု ကောင်းရမယ်၊ ဘတ်ဂျက်ကိုနိုင်ရမယ်၊ အဆက် အသွယ်အရေးကြီးတယ်။ ဘယ်လောက်ပဲ စီမံခန့်ခွဲမှုကောင်းကောင်း၊ ဘယ်လောက်ပဲ ဘတ်ဂျက်နိုင်နိုင် အဆက်အသွယ်မကောင်းရင် အလုပ်မဖြစ်ဘူး” ဟု ပြောကြားခဲ့သည်။


အရည်အသွေးနှင့် ဈေးနှုန်း ရွေးချယ်နိုင်


တိုးတက်ပြောင်းလဲမှုနှုန်း အရှိန်ရစပြု နေသော ရန်ကုန်မြို့တော်သို့ ကမ္ဘာအရှေ့ခြမ်း၊ အနောက်ခြမ်းတို့မှ ကုန်စည်မျိုးစုံတို့က ထိုးဖောက်ဝင်ရောက်လျက်ရှိသည်။ ထိုသို့ ဝင်ရောက်လာသော ကုန်စည်မျိုးစုံတို့အပေါ် ကောင်းမွန်သောအရည်အသွေး၊ ထိုက်သင့် သောဈေးနှုန်းကို ရွေးချယ်ကာ ရန်ကုန်သူ ရန်ကုန်သားတို့ ဝယ်ယူအသုံးပြုနိုင်တော့မည် ဖြစ်သည်။ အရည်အသွေးကောင်းမွန်သော ကုန်အမှတ်တံဆိပ်၊ ကုန်စည်ပစ္စည်းတို့ကို ဝယ်ယူသုံးစွဲခြင်းဖြင့် တာရှည်ခံ၊ နည်းပညာမြင့် လူ့အသုံးအဆောင်များကို သုံးစွဲနိုင်မည်ဖြစ်ရာ ရန်ကုန်သူ ရန်ကုန်သားတို့အဖို့ နိုင်ငံတကာ ပြပွဲကြီးများသည် လက်လွတ်မခံသင့်သော ဗဟုသုတဟင်းလေးအိုးကြီးများပင် ဖြစ်သည်။

မြန်မာ့အလင်း