ဘုတလင် ၃၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဘုတလင်-တွင်းတော်လမ်းပေါ်ရှိ သီးပင်အိုင် နှစ်ထပ် ဘေလီတံတား ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဇင်အောင်ထံမှ သိရသည်။
သီးပင်အိုင်ဘေလီတံတားသည် အရှည်ပေ(၅၀)၊ အကျယ်(၁၂)ပေရှိ တံတားကို ပိုမိုခိုင်ခန့်စေရန် ဘေလီသံဘောင်နှစ်ထပ်ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပြီး အဆိုပါတံတားသည် ဘုတလင်-တွင်းတော် လမ်းပေါ်ရှိ ကျေးရွာ(၂၁)ရွာမှ ဒေသခံပြည်သူများ နေ့စဉ် ဖြတ်သန်းအသုံးပြုသွားလာလျက်ရှိသည့် တံတား တစ်စင်း ဖြစ်သည်။
ယခင်တံတားအဟောင်းသည် ယက်မများ ကျိုးကျခြင်း၊ ဘေလီသံဘောင်များ တွန့်လိမ်နေခြင်း၊ သစ်သားကြမ်းခင်းများ ပျက်စီးနေခြင်းတို့ကြောင့် ဖြတ်သန်းသွားလာရန် အန္တရာယ်ရှိနေသည့်အတွက် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စုပြင်ထိန်းရန်ပုံငွေ ရရှိရန် တင်ပြထားဆဲ ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)