ဘုတလင် ၁၇ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့ စိမ်းလန်းစိုပြည်ရေးနှင့် ရေအရင်းအမြစ်အတွက် အဓိကကျသည့် ကန်မကြီးကန်အား မြတ်သဒ္ဓါလူမှုကူညီရေးအသင်းက ဦးဆောင်ပြီး ဘုတလင်မြို့မှ အလှူရှင်များ၊ ပြည်တွင်း၊ ပြည်ပရောက် ဘုတလင်ဇာတိသားများ၏ ပါဝင်လှူဒါန်းမှုဖြင့် ပြန်လည်တူးဖော်လျက်ရှိကြောင်း သိရသည်။
ကန်မကြီးကန်သည် (၃၃၂၇)ပေ ကျယ်ဝန်းပြီး ဘုတလင်မြို့ရှိ ကန်တော်ကြီးကန်၊ ကျောင်းကန်ကြီး ကန်၊ ဦးပုကန်၊ ကြောင်ပန်းကန်နှင့် စိန္တောကန်တို့၏ ရေဝင်ရောက်မှုနှင့် ရေဝေရေလဲစနစ်တွင် အရေးပါသည့် ရေကန်ကြီး ဖြစ်ရာ ကန်မကြီးကန် တူးဖော်နေစဉ် မိုးရွာခဲ့ပါက ကန်ထဲတွင် ရေမများစေရန်နှင့် ပြန်လည် တူးဖော်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အခြားကန်များဆီသို့ ရေလွှဲမြောင်းများ တူးဖော်ပြီး ဖြစ်သည်။
"ကန်မကြီးကန် မပြုပြင်ဖြစ်တာ နှစ်ပေါင်း(၄၀)ကျော်၊ (၅၀)နှစ်လောက် ရှိနေတော့ နွံတွေ များပြီး ကောလာပါတယ်။ ကန်မကြီးကန်ကို ရာသီဥတုနဲ့ မြေအနေအထားပေါ် မူတည်ပြီး အနက် သုံးပေကနေ ငါးပေ လောက်အထိ တူးဖော်နေပါတယ်။ ကန်အတွင်းက ထွက်ရှိတဲ့ မြေတွေကိုလည်း ပြည်သူ့ဆေးရုံဝင်း အပါအဝင် မြို့အတွင်းက မြေနိမ့်နေရာတွေကို မြေဖို့ပေးနေပါတယ်"ဟု မြတ်သဒ္ဓါလူမှုကူညီရေးအသင်း ဥက္ကဌ ဦးသိန်းနိုင်က ပြောသည်။
ကန်မကြီးကန်အတွင်းရှိ ရေကို သုံးရေ၊ ချိုးရေနှင့် မီးသတ်ရေအဖြစ် အသုံးပြုကြပြီး ကန်မကြီးကန်သည် ပတ်ဝန်းကျင်ရှိ ရေတွင်းများ၏ ရေအရင်းအမြစ် ဖြစ်၍ ကန်မကြီးကန် ရေပြည့်လျှင် ရေတွင်းများတွင် ရေများပြီး ကန်မကြီးကန် ရေနည်းလျှင် ရေတွင်းများလည်း ရေနည်းလေ့ရှိကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


