ဘုတလင် ၇ သြဂုတ်  


စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် GAHP သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါဦးစီးဌာန၌ ကျင်းပသည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်ရီရီပြုံးတို့က အမှာစကား ပြောကြားသည်။ 


ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်လွင်က တိရစ္ဆာန်များမှာ ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါ ကျရောက်ဖြစ်ပွားမှုမရှိအောင် ကူးစက်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများအား အဓိကထားပြီး ပို့ချမည့်သင်တန်းဖြစ်ကြောင်း၊ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့်အတူ GAHP ဟုခေါ်သည့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် အကြောင်းအရာများကို ဆက်လက်ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးတိရစ္ဆာန်များအား စနစ်တကျ ကောင်းမွန်စွာ မွေးမြူမှသာလျှင် ကူးစက်ရောဂါ ထိန်းချုပ်မှုလုပ်ငန်းတွေမှာ ထိရောက်အောင်မြင်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။


အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ မွေးမြူရေးနှင့် ကုသရေးသင်တန်းသား (၂၀) ဦးတက်ရောက်ကြပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ကျော်လွင်နှင့် ဝန်ထမ်းများက တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် GAHP အကြောင်း သိကောင်းစရာများကို ပို့ချသွားမည်ဖြစ်ကာ သင်တန်းကာလတစ်ရက်ဖြစ်ကြောင်း သိရသည်။


ဟန်ထွန်း(အင်းဝ)