ဘုတလင် ၉ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာတွင် မေလ(၉)ရက်၊ နံနက်(၄)နာရီ၊ (၅)မိနစ် ခန့်က မီးလောင်မှု ဖြစ်ပွားရာ လူနေအိမ်(၄)လုံးနှင့် အခြားအဆောက်အဦးများ၊ ပစ္စည်းများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စီပါကျေးရွာတွင် ဦးကျောက်ရင်၏ နေအိမ်ရှိ မြေစိုက်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးဖိုဆောင် ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာမှ ဦးကျောက်ရင်၏ ထန်းရွက်မိုး ကပ်ကာ လူနေအိမ်တစ်လုံး၊ နွားစာတဲ တစ်လုံး၊ မီးဖိုဆောင် တစ်လုံး၊ 125 KENBO ဆိုင်ကယ် တစ်စီး၊ နွားလှည်း တစ်စီး၊ ဦးသန်းဌေး၏ နံကပ် သွပ်မိုး လူနေအိမ် တစ်လုံး၊ နွားစာတဲ တစ်လုံး၊ ရေစုပ်စက် တစ်လုံး၊ စက်ဘီး နှစ်စီး၊ ဦးပြေညွန့်၏ ထန်းရွက်မိုး ကပ်ကာ လူနေအိမ် တစ်လုံး၊ နွားစာတဲ တစ်လုံး၊ ဈေးဆိုင် တစ်ဆိုင်၊ စက်ဘီး လေးစီး၊ အိမ်ဆောက်ရန် စုဆောင်းထားသော သစ်ခွဲသားရောရာ (၂)တန်၊ ဦးသန်းခိုင်၏ စပါးကျီ တစ်လုံး၊ စပါးတင်း (၅၀)၊ အိမ်ဆောက်ရန် စုဆောင်းထားသော သစ်ခွဲသားရောရာ (၁)တန်နှင့် ဦးသိုက်၏ နံကပ်တိုက် တစ်လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။
မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်မိုးလွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇော်ဌေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူများ ပူးပေါင်းပြီး မီးငြိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် နှစ်စီး၊ ကွပ်ကဲရေးယာဉ် တစ်စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းနှင့် စီပါကျေးရွာမှ မီးပေါ့ဆသူ ဦးကျော်ရင်အား အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်(ဘုတလင်)