ဘုတလင် ၁၅ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသော အခြေခံစားသောက် ကုန်ပစ္စည်းများကို ပြန်လည်လှူဒါန်းသည့် ဒုတိယမြောက် ကျေးရွာအဖြစ် ရွာသစ်ကျေးရွာအုပ်စု၊ ကန်တော်သာကျေးရွာမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၇)စုက ထောက်ပံ့ ရရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ဧပြီလ(၁၅)ရက် နံနက်(၁၀)နာရီခွဲက ပြန်လည်လှူဒါန်း ခဲ့ကြောင်း မြို့နယ်အခြေခံစားသောက်ကုန်ပစ္စည်းများ လက်ခံရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
ကန်တော်သာကျေးရွာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၇)စုရှိရာ ၎င်း အိမ်ထောင်စုများအတွက် ထောက်ပံ့ရရှိသည့် ဆန်(၁၈)တင်းခွဲ၊ ဆီ(၁၈)ပိဿာ၊ (၅၀)ကျပ်သား၊ ပဲ(၃၇) ပိဿာ၊ ကြက်သွန်(၃၇)ပိဿာနှင့် ဆား(၁၈)ပိဿာ၊ (၅၀)ကျပ်သားတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေနှင့် ထောက်ပံ့မှုရရှိသည့် အိမ်ထောင်စုဝင်များကိုယ်တိုင် ပြန်လည်လှူဒါန်းခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်လုပ်ငန်းကော်မတီဝင်များက လက်ခံရယူခဲ့ကြသည်။
“အခုလို ကိုဗစ်ရောဂါကြောင့် အရေးကြီးနေတဲ့ အချိန်မှာ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေ အတွက် နိုင်ငံတော်က စားသောက်ကုန်ပစ္စည်းတွေ ထောက်ပံ့ပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ မြို့နယ်ထဲက အုတ်ကျင်းကျေးရွာက ထောက်ပံ့ရရှိတဲ့ ပစ္စည်းတွေကို ပြန်လှူ ကြတာကိုလည်း သိရှိရပါတယ်။ ကျွန်တော်တို့လည်း မချမ်းသာပေမယ့် ကျွန်တော်တို့ထက် လိုအပ်နေတဲ့ ကျေးရွာတွေ၊ အိမ်ထောင်စုတွေကို ရစေချင်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး ပြန်လည် လှူဒါန်းခဲ့တာပါ”ဟု အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြန်လည်လှူဒါန်းခဲ့သည့် ကန်တော်သာကျေးရွာမှ ဦးကျော်သူက ပြောသည်။
အဆိုပါ ကန်တော်သာကျေးရွာနှင့် အုတ်ကျင်းကျေးရွာတို့မှ ပြန်လည်လှူဒါန်းခဲ့သည့် အခြေခံ စားသောက်ကုန် ပစ္စည်းများကို မြို့နယ်အတွင်းရှိ ကနဦးစာရင်းတွင် မပါရှိသည့် ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများအား ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)