ဘုတလင် ၂၅ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် Tech Friend ကုမ္ပဏီတို့ ပူးပေါင်းပြီး မြောက်တောကျေးရွာ၊ ကွင်းအမှတ် ၂၂၂(က) မယ်ဟန်သီကွင်းတွင် စနစ်ကျ လယ်ယာမြေ ဧက (၁၀ဝ) ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးမင်းထွန်းထံမှ သိရသည်။
စနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံ ငွေ(၇၄ ဒဿမ ၁)သန်းဖြင့် Tech Friend ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ ထွန်စက်(၆)စီးနှင့် Tech Friend ကုမ္ပဏီမှ မြေထိုး၊ မြေကော်ယာဉ်(၄)စီးတို့ဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
“စနစ်ကျ လယ်ယာမြေဧက(၁၀ဝ)ကို လယ်တစ်ဧကကွက်လျှင် အလျား(၃၆၃)ပေ၊ အနံ ပေ (၁၂၀) နှုန်းဖြင့် ဖော်ထုတ်ဆောင်ရွက်လျက်ရှိပြီး တစ်ဧက ကုန်ကျစရိတ်မှာ ခုနှစ်သိန်း၊ လေးသောင်း၊ တစ်ထောင် ဖြစ်ပါ တယ်။ စနစ်ကျ လယ်ယာမြေမှာ ရေသွင်း၊ ရေထုတ်မြောင်းများ ပါရှိတဲ့အတွက် ရေကို လိုအပ်သလို သွင်းထုတ်နိုင်ပါတယ်။ ဒါ့အပြင် လယ်ကွက်အတွင်းမှာ ရှိတဲ့ ရေအနည်းအများကိုလည်း ထိန်းညှိပေးနိုင်တဲ့ အတွက် စပါးပင်ပွားကို မျှတစွာ ရရှိနိုင်လို့ သီးနှံအထွက်နှုန်း တိုးတက်စေနိုင်ပါတယ်”ဟု မြို့နယ်စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ပြောပြသည်။
စနစ်ကျ လယ်ယာမြေဧက(၁၀ဝ)တွင် သုံးပေအကျယ်ရှိသည့် ရေသွင်းမြောင်းများ၊ သုံးပေအကျယ် ရှိသည့် ရေထုတ်မြောင်းများနှင့် (၁၆)ပေအကျယ် ရှိသည့် ကုန်ထုတ်လမ်းများကို အလျားလိုက် တစ်လမ်းနှင့် ဒေါင့်ဖြတ်လမ်း သုံးလမ်း ပါရှိသည့်အတွက် လယ်ယာများသို့ ရေသွင်းရေထုတ်ရာတွင် အဆင်ပြေစေပြီး တောင်သူများ၏ စိုက်ပျိုး၊ ရိတ်သိမ်းစနစ်ကို ပိုမိုကောင်းမွန်စေသောကြောင့် ကုန်ထုတ်စွမ်းအား တိုးမြှင့်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


