ဘုတလင်  ၁၉  ဧပြီ 

 

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသော အခြေခံစားသောက် ကုန်ပစ္စည်းများကို ပြန်လည်လှူဒါန်းသည့် တတိယမြောက်ကျေးရွာအဖြစ် ငပယင်းကျေးရွာမှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များက ယနေ့ နံနက်ပိုင်းက စားသောက်ကုန် ပစ္စည်းများကို ပြန်လည်လှူဒါန်းခဲ့ကြောင်း မြို့နယ်အခြေခံစားသောက်ကုန်ပစ္စည်းများ လက်ခံရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်း ကော်မတီထံမှ သိရသည်။

 

8520

 

ငပယင်းကျေးရွာတွင် ထောက်ပံ့မှုရရှိသည့် အိမ်ထောင်စု(၁၄၁)စုလုံးက ပြန်လည်လှူဒါန်းခဲ့ပြီး  ၎င်း အိမ်ထောင်စုများ ပြန်လည်လှူဒါန်းခဲ့သည့် စားသောက်ကုန်များအနက် မူလစာရင်းတွင် မပါဝင်သည့် အမှန်တကယ် လိုအပ်သော အိမ်ထောင်စု(၃)စုကို သတ်မှတ်နှုန်းထားအတိုင်း လှူဒါန်းခဲ့ကာ ကျန်ရှိသည့် ဆန်(၆၉) တင်းခွဲ၊ ဆီ(၆၉ ဒဿမ ၅)ပိဿာ၊ ပဲ(၈၈ ဒဿမ ၅)ပိဿာ၊ ကြက်သွန်(၁၄၈ ဒဿမ ၅)ပိဿာ နှင့် ဆားပိဿာ (၁၉၀) နှင့် အလှူရှင် ဒေါ်သန်းမြင့် သီးခြားလှူဒါန်းသည့် ဆန်တစ်တင်းအိတ် တစ်အိတ် တို့ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် အိမ်ထောင်စုဝင်များကိုယ်တိုင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် မြို့နယ်ကော်မတီဝင်များထံသို့ ပြန်လည်လှူဒါန်းခဲ့ကြသည်။

 

နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေကို အိမ်ထောင်စုအားလုံးထံသို့ ဖြန့်ဝေခဲ့ပါတယ်။ စားသောက်ကုန်ပစ္စည်းတွေ ရရှိတဲ့ အိမ်ထောင်စုတွေက ကျေးရွာကော်မတီဆီကို တစ်အိမ်ထောင်ချင်း လာရောက်ပြီး ပြန်လည်လှူဒါန်းခဲ့ကြပါတယ်။ သူတို့ ပြန်လည်လှူဒါန်းမှုကိုလည်း ကျေးရွာ ပြည်သူတွေ သာဓုခေါ်နိုင်အောင် အသံချဲ့စက်နဲ့ ကြေညာပေးတယ်။ အဲလိုကြေညာပေးရာ ကနေ ကိုယ့်ထက် လိုအပ်နေတဲ့ ကျေးရွာတွေ၊ အိမ်ထောင်စုတွေကို ရစေချင်လို့ ထောက်ပံ့မှုရရှိတဲ့ အိမ်ထောင်စု အားလုံးက ပြန်လည်လှူဒါန်းခဲ့တာပါဟု ငပယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ကိုနိုင်က ပြောသည်။

 

ဘုတလင်မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် စားသောက်ကုန်ပစ္စည်းများကို ပြန်လည် လှူဒါန်းသည့် အုတ်ကျင်း၊ ကန်တော်သာနှင့် ငပယင်းကျေးရွာစသည့် ကျေးရွာ(၃)ရွာ ရှိသွားပြီ ဖြစ်ပြီး ၎င်းကျေးရွာများမှ  ပြန်လည်လှူဒါန်းခဲ့သည့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို မြို့နယ်အတွင်းရှိ ကနဦး စာရင်းတွင် မပါရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)