ဘုတလင်  ၃  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာကျော်မိုးထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ဘုတလင်မြို့နယ်၊ သခွတ္တနယ်တိုက်နယ်ဆေးရုံအား စံပြတိုက်နယ်ဆေးရုံဆု ရွေးချယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn

 

ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူများသည် သခွတ္တနယ် တိုက်နယ်ဆေးရုံ၏ ခွဲစိတ်ခန်း၊ ဆေးသိုလှောင်ခန်းနှင့် ဆေးကုသမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာဖြိုးကျော်အောင်နှင့် တိုက်နယ်ဆေးရုံအုပ်ကြီးတို့က ဆေးရုံတွင် ရရှိနိုင်မည့် ဆေးဝါးများအခြေအနေ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အသိပညာပေးမှု အခြေအနေများကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က သခွတ္တနယ်ကျေးရွာ အုပ်စုနှင့် ပတ်ဝန်းကျင်ကျေးရွာများ အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။

 

mdn

 

ထို့နောက် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူများက သခွတ္တနယ် တိုက်နယ်ဆေးရုံ တွင် ဆေးကုသမှုခံယူနေကြသည့် လူနာများအား ကြည့်ရှုအားပေးခဲ့ပြီး သခွတ္တနယ် တိုက်နယ်ဆေးရုံအား စံပြတိုက်နယ်ဆေးရုံဆု၊ အတိုးတက်ဆုံး တိုက်နယ်ဆေးရုံဆု၊ ဆေးကုသမှု အကောင်းဆုံးဆုများ ရွေးချယ်နိုင်ရေး အတွက် အမှတ်ပေးစည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)