ဘုတလင်၊ ၃၀ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ဇန်ဝါရီ ၃၀ ရက်က ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စု ၈၈၀၀ ကျော်အား အိမ်ထောင်စုဝင်များလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု ၈၈၉၇ စု ရှိပြီး မြို့ပေါ် ၃ ရပ်ကွက်နှင့် မြောက်ကျီ၊ လွှဲတဲကျေးရွာများမှ ထပ်တိုး အိမ်ထောင်စုများအား အိမ်ထောင်စု တစ်စုလျှင် ကျပ်နှစ်သောင်းစီကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်နှင့် ဒေါက်တာ ကျော်ဇေလင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်မိုးလွင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဟိန်းတို့က လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ကာ အခြားကျေးရွာများမှ အိမ်ထောင်စု များကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ကွင်းဆင်းထောက်ပံ့ပေးအပ် ခဲ့ကြသည်။
နိုင်ငံတော်က ပေးအပ်သည့် ထောက်ပံ့ငွေများကို အခြေခံလူတန်းစား အိမ်ထောင်စုများလက်ဝယ် အရောက် ရရှိရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုတစ်စုလျှင် ဌာနတစ်ခု တာဝန်ပေးအပ်ပြီး ရပ်မိရပ်ဖ နှစ်ဦး ပါဝင်သော ကြီးကြပ်ရေးအဖွဲ့ဝင် ၇ ဦးဖြင့် စနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးကျော်မိုးလွင်က ပြောသည်။
ဘုတလင်မြို့နယ်ရှိ အခြေခံလူတန်းစား ထပ်တိုးအိမ်ထောင်စု ၈၈၉၇ စုအတွက် စုစုပေါင်း ထောက်ပံ့ငွေမှာ ငွေကျပ် ၁၇၇၉ သိန်း၊ ၄ သောင်း ဖြစ်ပြီး ယခင် ထောက်ပံ့မှုများတွင် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများကို ထပ်တိုး ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


