ဘုတလင် ဇွန် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယခုလတတိယပတ်က COVID-19 ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်းက COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ကုစားနိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ ရန်ပုံငွေများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေး အလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် ထနောင်းကုန်းကျေးရွာ၊ မြောက်တောကြီးနှင့် အုတ်ဖိုကျေးရွာတို့အတွက် တစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း ၃၀၀ နှုန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ဆောင်ရွက်မည့် ကူတော်ကျေးရွာ၊ သီးပင်အိုင်ကျေးရွာနှင့် ဝန့်တုံကျေးရွာတို့အတွက် တစ်ရွာလျှင် ရန်ပုံငွေကျပ်သိန်း ၁၀၀ နှုန်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


